Monday 28 March 2016

နွေတန်ခူး



နွေတန်ခူး

ဥသြသံထူး
နွေတန်ခူး
ကြည်နူးလွန်သာယာ။

ရွက်ဟောင်းလည်းကြွေ
လေရူးပွေ
ခါနွေတန်ခူးမှာ။

သင်္ကြန်လည်းကျ
ပျော်ရွှင်ကြ
ခါလတန်ခူးမှာ။

ပန်းပိတောက်တွေ
ဖူးပွင့်နေ
ခါနွေတန်ခူးမှာ။

သစ္စာရှိပန်း
ရည်တွင်မှန်း
သစ်ဆန်းပိတောက်ဝါ။

ချစ်သူလွမ်းစေ
တန်ခူးနွေ
ခက်ပွေပူဗျာပါ။

လိပ်ပြာလေးမှာ
ပြည်လွမ်းတာ
အတာတန်ခူးမှာ။

လိပ်ပြာကလေး
ကလောင်သွေး
မျှော်တွေးတန်ခူးပါ။

ကလောင်သွေးမယ်
သုတဝယ်
ရေးမယ်နွေတန်ခူး။

လေးစားစွာဖြင့်
လိပ်ပြာ

Thursday 17 March 2016

အချစ်ဦးသို့



အချစ်ဦးသို့

အချစ်ဦးမို့ ရူးမတတ်ချစ်ခဲ့သူပါ
ဖြေသာစရာ မရှိတဲ့ ဝေဒနာကို
သေရာပါအောင်ယူသွားမဲ့ငါ့အတွက်
နင်ပေးခဲ့သမျှတွေက ခါးသက်ခြင်းတွေဘဲ။ ။

ဝေးကွာခြင်းဆိုတဲ့စကားလုံးလှလှက
နင့်သစ္စာကိုအရောင်ပြယ်စေမှတော့
နင့်အချစ်မစစ်တာလဲ
ဝန်ခံလိုက်ပါကိုထက်ရယ်။ ။

အချိန်ဆိုတဲ့သမားတော်ကြောင့်
နေရာသစ်မှာ နေသားကျခဲ့ပေမဲ့
အသားမာမတက်နိုင်တဲ့
ငါ့နှလုံးသားကိုမြင်တိုင်း
နင့်ကိုသေလောက်အောင်လွမ်းတယ်။ ။

ချစ်ပါလို့ငါမဖိတ်ခေါ်ဘဲ
ချစ်တယ်ဆိုတဲ့စကားချိုချိုလေးနဲ့
ငါ့ဘဝကိုလိမ်ညာရက်ခဲ့ပြီး
သစ္စာကိုသင်ရိုးမကျေတဲ့နင့်အတွက်
ငါဆိုတာ မှုန်ဝါးဝါးအရိပ်ပါကိုထက်။ ။

ပြီးပါပြီလို့နင်စာတန်းမထိုးပေမဲ့
ငါကတော့ ဇာတ်နာခဲ့တဲ့ငါ့အတိတ်ကို
တရားဝင်သဂြိ င်္ုလ်ခဲ့ပြီးပြီ
ဒါပေမဲ့ကိုထက်ရယ်
အရာရာပြောင်းလဲကောင်းပြောင်းလဲခဲ့ပေမဲ့
ငါ့ရင်ထဲကနင့်နေရာ
ခုထိမပြောင်းလဲသးဘူး။
ငါပြောင်းလဲဖို့မကြိုးစားခဲ့ဘူး။ ။

အချစ်ဦးဆိုတဲ့စကားကြားတိုင်း
လှုပ်ခတ်နေဆဲဖြစ်တဲ့ငါ့စိတ်ကို
မာနတွေနဲ့ထိန်းပြီး
ရင့်ကျက်ချင်ယောင်ဆောင်ခဲ့ရတာ 
ခုနစ်နှစ်မကတော့ဘူးကိုထက်။ ။

ပြန်လာဖို့မမျှော်လင့်သလို
နင်ပြန်လာရင်လဲ
လက်ခံဖို့အစီအစဉ်မရှိတဲ့ငါ
နင့်ကိုနင့်နင့်နဲနဲလွမ်းနေပါတယ်ဆိုတာ
ရီစရာဟာသမဟုတ်လားကိုထက်။ ။

ဒါပေမဲ့
ပထမဦးဆုံးနဲ့နောက်ဆုံးအဖြစ်ချစ်ခဲ့တဲ့နင့်အတွက်
အလွမ်းတခင်းငါပျိုးထားတယ်။
ဒီဥယျာဉ်မှာ အလွမ်းသင့်တဲ့လိပ်ပြာငါ
မျှော်လင့်ခြင်းကင်းစွာ
အခုထိ နင့်ကို လွမ်းနေဆဲပါဘဲ
ကိုထက်ရယ်။ ။

လေးစားစွာဖြင့်
လိပ်ပြာ
၁၇.၃.၂၀၁၆
၁၀:၀၀AM

ခေတ်သစ်စူဠသုဘဒ္ဒါသို့



ခေတ်သစ်စူဠသုဘဒ္ဒါသို့
  @@@@@@@

မင်းဆန္ဒန်မဟုတ်တော့လဲ
သည်းခံရခက်ခဲ့တယ်သုဘဒ္ဒါ
သစ္စာတရားကလွဲလို့
ပြည့်စုံခြင်းကင်းတဲ့ငါ့အတွက်
နင်ပေးခဲ့တဲ့သစ္စာမဲ့မှုတွေအတွက်
ခါချဉ်ကောင်ကိုငြိုးမာန်မဖွဲ့လိုဘူး

သောနုတ္ထိုရ်ကိုတောင်
လိုသလိုစေရဲမှတော့
ငါ့နှလုံးသားမြှားဒဏ်သင့်တာ
ဆန်းကြယ်ခြင်းမဟုတ်ဘူး

ငါတို့ဇာတ်လမ်းမှာ
အသွားစေခိုင်းသူမင်းဧကရာဇ်လည်း
မရှိခဲ့ပါဘူး
နင့်ကိုပေးတဲ့အချစ်ကိုဖျက်ဖို့
ခါချဉ်ကောင်လဲမပါခဲ့ဘူး

သစ္စာကင်းတဲ့နင်က
မြှားပစ်စေတဲ့သောနုတ္ထိုရ်ကိုလဲ
ငါမမုန်းလိုဘူး
ဘာပဲပြောပြောပေါ့
ဆန္ဒန်ဇာတ်ကိုပြန်ပြင်ကြစို့ရဲ့
မင်းလဲနောင်တမရချင်နဲ့
ငါလဲမြှားမမှန်ချင်ဘူး



  လေးစားစွာဖြင့်
      လိပ်ပြာ
   (29.1.2016)
   (20:06PM)

ပန်းသာပျိုးသည့် ပန်းပျိုးလက်



ပန်းသာပျိုးသည့် ပန်းပျိုးလက်

မချစ်တတ်လို့ မဟုတ်ပါဘူး
ချစ်တတ်ပါတယ်ကွယ်
ချစ်တတ်ပေမဲ့မချစ်ရက်သည်
ပန်းသာပျိုးသည့် ပန်းပျိုးလက်

မလွမ်းတတ်လို့ မဟုတ်ရပါဘူး
လွမ်းတတ်ပါတယ်ကွယ်
လွမ်းတတ်ပေမဲ့ အလွမ်းကိုပွေ့ဖက်
ပန်းကိုချစ်သည့် ပန်းပျိုးလက်

မနမ်းတတ်လို့ မဟုတ်ရပါဘူး
နမ်းတတ်ပါတယ်ကွယ်
နမ်းတတ်ပေမဲ့အနမ်းခက်သည်
ပန်းမြတ်နိုးသည့် ပန်းပျိုးလက်

ချစ်တတ်၊ လွမ်းတတ်၊ နမ်းတတ်
မြတ်နိုးတတ်သူ အပူအပြည့်
ဓလေ့တူညီ
ဝါသနာဘာဂီ ဆက်တိုင်း မှီခဲ့
အတိုင်းအဆ
မပြတတ်အောင်
ယစ်မူးတွယ်တာ ချစ်နေပါလဲ
ကိုယ်ဟာ ပန်းသာပျိုးလို့
ပန်းခူးခက်သည်
ပျိုနှမအတွက် ပန်းပျိုးလက်

လေးစားစွာဖြင့်
လိပ်ပြာ

လူရိုင်းသို့မဟုတ် လိပ်ပြာ



လူရိုင်း(သို့မဟုတ်)လိပ်ပြာ

ကျော်…စကားပြောရင်
ရှေ့နောက်မကြည့်တတ်ဘူး။

ကျော်…အမှန်တရားကိုမြတ်နိုးတဲ့
နှလုံးသားတစုံပိုင်ဆိုင်တယ်။

ကျော်…ကျော့်ရှေ့မှာမတရားဘူးထင်ရင်
ကလောင်ဟာကျော့်လက်နက်ဖြစ်သွားတယ်။

ကျော်…ဒေါင်းယောင်ဆောင်တဲ့ကျီးတွေကို
သေအောင်ရွံရှာတယ်။

ကျော်…အားနာခြင်းဆိုတဲ့စာလုံးပေါင်း
မွေးကတည်းကတတ်မြောက်လာပုံမရဘူး။


ကျော်…ကျော့်အတွက်ကဗျာဟာ
နှလုံးသွေးတစက်

ကျော်…ကဗျာကိုယ့်သားသမီးလို
ယုယပြုစုပြီးသေအောင်မြတ်နိုးတယ်။

ဟုတ်တယ် ဒီလိုစိတ်ဓာတ်နဲ့ကျော်ဟာလူရိုင်း
ဒါပေမဲ့လူယုတ်မာမဟုတ်ဘူး
မယဉ်ကျေးတဲ့ကိုယ့်ကိုယ်ကိုယ်လဲ 
သိမ်ငယ်စိတ်မဝင်ဘူး
ကျော်ဟာလူရိုင်း
လူလိမ္မာယောင်ဆောင်တဲ့လူတွေထက်တော့သာပါသေးတယ်
လူရိုင်းတယောက်ဆိုပေမဲ့
အမှန်တရားနဲ့ခမ်းနားသေးတယ်

လေးစားစွာဖြင့်
လိပ်ပြာ(30.1.2016)(18:16PM)

Wednesday 16 March 2016

အလွမ်းသင့်လိပ်ပြာ


အလွမ်းသင့်လိပ်ပြာ

အလွမ်းတဲ့လား
အမှားများတဲ့ငါ့ကမ္ဘာမှာ
သစ္စာမထားသူအတွက်
အခက်ကြုံခဲ့ရတယ်ဆိုတာမျိုး
အငြိုးမဖွဲ့လိုဘူး။ ။

အချစ်မသိသူအတွက်
ပေးဆပ်ခဲ့ဖူးတာ
ဒဏ္ဍာရီသာသာဘဲတွေး
လွမ်းဆွေးခြင်းဆိုတာ
ငါနဲ့မသက်ဆိုင်သလိုပါ။ ။

မှားခဲ့ဖူးတဲ့အတိတ်ကို
ခပ်ဆိတ်ဆိတ်နဲ့သာထား
အနာဂါတ်တခုအတွက်
အချိန်တွေကိုရင်းလို့
ခေါင်းမော့ပြီးကြိုးစားနေသူအတွက်
အလွမ်းသင့်ဖူးတာ 
အိပ်မက်လို့သာတွေး
ဘဝအရေးမှာ 
နှလုံးသားကိုနောက်တခါ
ရှေ့တန်းမတင်တော့ဘူး။ ။

လေးစားစွာဖြင့်
လိပ်ပြာ(17.32016)(5:00AM)

Good bye

မာနကိုကိုးကွယ်

အချစ်ကိုချောင်ထိုး
အတ္တကိုစည်းရိုးထိုးလို
အမုန်းနဲ့လမ်းဆုံးထိလျှောက်တော့မှာလား

အလွမ်းဆိုတာပန်းမဟုတ်ပေမဲ့
လမ်းခွဲကိုခြေလှမ်းချင်သူအတွက်
ငါဆိုတာ မျက်ရေခံထိုးလိမ့်မယ်ထင်လား

မကြင်နာလို့တမင်ခွာမယ်ဆိုရင်
မျက်ရေနဲ့အခက်ပွေမယ်မထင်နဲ့

တမင်စိမ်းသူအတွက်
နှလုံးသားကိုသဂြို င်္လ်လို့
အလွမ်းမှတ်တိုင်ထူလိုက်မယ်
ဒီဘဝအတွက်တော့ဒီမျှဘဲ
GOOD BYE
လိပ်ပြာ(24.12.2015)(00;24AM)

ဧကရီထိပ်ထားသို့ ဈာပနဖိတ်စာ

ဧကရီထိပ်ထားသို့    

                          ဈာပနဖိတ်စာ
           

ထိပ်ထားရေ
မာနတွေမိုးလောက်မြင့်တဲ့
မင်းကိုမှ စွဲလန်း
ရူးသွပ်မိတဲ့ငါ
အလွမ်းတွေနဲ့ပေါင်းဖက်ရပြီ
ထိပ်ထားရေ

ထိပ်ထားရေ
ချစ်တာကိုအပစ်ရှာ
သစ္စာကိုဈေးဖြတ်
အရာရာငွေနဲ့တွက်တတ်တဲ့
မင်းရဲ့အသိုင်းအဝိုင်းအတွက်
အညတရစောင်းအိုလုလင်ငါ့နှလုံးသား
တဝဂူထဲမှာဇာတ်သိမ်းရမယ်ထင်ရဲ့
ထိပ်ထားရေ

ထိပ်ထားရေ
မလှပတဲ့အညတရဘဝမို့
ဘုရင့်သမီးလိုနင့်ကို
အလှမ်းခက်တာ
သိပြီးသားပါထိပ်ထား
အချစ်ဆိုတာကလေ
နှလုံးသားကိုကြိုးတုတ်
ထိန်းချုပ်ဖို့လဲခက်ပါရဲ့
ထိပ်ထားရယ်

ထိပ်ထားရေ
တကယ့်လက်တွေ့ဘဝမှာ
စောင်းအိုလုလင်လဲငါမဟုတ်ခဲ့ဘူး
အချစ်ကိုကိုးကွယ်တတ်တဲ့
ဘုရင့်သမီးလဲနင်မဖြစ်ခဲ့ဘူး
ချစ်တာကိုလစ်လျူ ရှု
မေတ္တာကိုအတုလိုကစား
ဥပေက္ခာတရားနဲ့ 
မင်းပစ်ခွာခဲ့တာ
ငါ့နှလုံးသားသဂြိုလ်ပွဲတော့
တဝဂူထဲမှာ 
သေရာပါအောင်လှောင်ပိတ်
ဈာပနအခမ်းအနားကျင်းပလို့
ငါ့အချစ်ကိုသက်သေထူလိုက်တယ်
မင်းဆက်ဆက်တက်ရောက်ပေးပါ
ထိပ်ထားရေ

       လိပ်ပြာ
   (29.12.2015)
    (18:29PM)

မြန်မာ့သမိုင်း အရိုင်းခံမလား

မြန်မာ့သမိုင်း အရိုင်းခံမလား


စကားပြောတာဘုဆက်ဆက်
ရုပ်ကြည့်တော့ ညှင်းသိုးသိုး
အဝတ်အစားပိုတောင်
၃စုံပြည့်အောင်
မရှိဘူး

အမေ့အိမ်မီးမလင်းလို့ 
ဘယ်နေ့မီတာ
ရပါ့မလဲ 
ချစ်လို့စတဲ့အမေကို
တစ်နိုင်ငံလုံးမီးလင်းတဲ့နေ့
အမေ့အိမ်မီတာရပြီလို့သာမှတ်လိုက်တဲ့
ဒီလိုလူစားမျိုး

အထွေးဆုံးသားလေးမို့ 
ရန်ကုန်ထိလာ
တွေ့တာတောင် 
ရောက်တဲ့နေ့နဲ့ပြန်မယ့်
ရက်၂ရက်ပဲ လာတွေ့နိုင်တဲ့ 
သားမိုက်ကြီးလေ

ဒီမအေကြီးမှာတော့
မျက်ရည်လေးစမ်းစမ်း အလွမ်းပိုမိတာပေါ့
အမေစီးတဲ့ရထားကြီး
ဘူတာက ထွက်သွားမှ ဖင်ဘူးတောင်းထောင်ပြီး
ဦးချလိုက်တဲ့ သူ

မိဘကိုမွေးကျေးဇူးဆပ်ချိန်မရ
ကျွေးကျေးဇူးဆပ်ချိန်မရ
ပြည်သူ့အတွက်သာအချိန်အား
သူ့ဘဝသူမပိုင်တဲ့သူ

ပိုက်ဆံတစ်ပြားမှ မရှိဘဲနဲ့များ 
ပလာတာနဲ့ဆိတ်ခါးပတ် စားချင်နေတဲ့သူကြီးလေ

ဒီကြားထဲ နံပြားနဲ့ပဲပြုတ်ရရင်
စားချင်နေသေးသတဲ့

လစာလေးနှစ်ပဲတစ်ပြား
မကြိုက်ပေမယ့် ဘဲဥဟင်းကလွဲလို့
ချက်ကြွေးစရာ အသားဖိုးလေးတောင်
မရှာတတ်သူလေ

အဲဒီလိုလူစားကြီးကို
မွေးခဲ့တာ ဖေဖော်ဝါရီ၁၃ ရက်နေ့
အဲလူကြီးအသက်ပေးခဲ့တာ
ဒီပြည်သူတွေအတွက်
မိဘအတွက်လည်းမစဉ်စားအား
မယားအတွက်လည်းမတွေးတော
သူ့အတွေးထဲမှာ ဒီသန်း၆၀ကျော်ဘဲရှိခဲ့တာ

အခုတော့လေ
အကြွေစောတဲ့အဲလူကြီး
သွေးနဲ့ရင်းပေးခဲ့လို့
လွတ်လပ်ရေးပန်းတိုင်ဆုပ်ကိုင်
မြန်မာဟာ သခင်ဖြစ်နေပြီ

ဒါပေမဲ့
အဲလူကြီးအကြောင်းခပ်မှိန်မှိန်နဲ့
သူတို့သမိုင်းကိုတိမ်ကောအောင်
မေ့ထားကြတယ်တဲ့ဗျာ

ကြားလို့မှမတော် နှောင်းခေတ်လူတွေ
အဲလူကြီးထပ်
ချစ်သူအချင်းချင်းကလူမြူတဲ့
ဘာမဆိုင်ညာမဆိုင်valentineကိုတော့
အဖေကိုကျော်ပြီး ပထွေးတော်ကို
လွမ်းနေကြပြီ

အဲလူကြီးနဲ့တိုင်းရင်းသားတသိုက်
ညီနောင်ပေါင်းစုပြီး
ဘဝစတေးခဲ့တဲ့ လွတ်လပ်ရေးနေ့အစား
Happy new yearလို့ အော်
မသိလေရော့သလား

ဇန်နဝါရီ(၁) ရက်မှာ
ကျွန်သဘောက်ဘဝ
အတိအလင်းကျကြောင်း
ဒင်းတို့တွေကြေညာ
မြန်မာတွေကျွန်စဖြစ်တာ
Happy သတဲ့လား

ဇန်နဝါရီ(၄)ရက်ကိုအသာမေ့
ချစ်ချစ်မွေးနေ့မှ အရေးကြီးတယ်ထင်သလား

မမေ့စမ်းပါနဲ့
အမေကျော်ပြီးဒွေးတော်လွမ်းရင်
သမိုင်းမသိရင်ခေါင်းမရှိတဲ့လူဆိုတာ
သတိရ
ငါဟာမြန်မာ မို့
ငါတို့အလှည့်ကျ
အဲလူကြီးလိုသတ္တိ
မထားနိုင်ဘူးလား

အောင်ဆန်းလိုအသိ
အောင်ဆန်းလိုသတ္တိ
အောင်ဆန်းလိုစာရိတ္တ
ကိုယ့်မျိုးဆက်ကိုဆုံးမဖို့
အောင်ဆန်းအကြောင်းမှမသိရင်
မြန်မာမဖြစ်သင့်ဘူး

သင်ဟာမြန်မာဆိုရင်
ပြည်မြန်မာအတွက်
စတေးခဲ့တဲ့လူတွေကိုသတိရ
ကိုယ့်အလှည့်ကျမှ
မြန်မာဆိုတဲ့
သမိုင်းအရိုင်းခံမလား

လိပ်ပြာ
စာသားကြမ်းသွားရင်ခွင့်လွှတ်ပါ လူတွေက
နာနာပြောလေမှတ်မိလေမို့ပါ


လိပ်ပြာ

Tuesday 15 March 2016

လိပ်ပြာရဲ့တခြမ်းပဲ့ဖန်ဆင်းရှင်

လိပ်ပြာရဲ့တခြမ်းပဲ့ဖန်ဆင်းရှင်


အေးချမ်းလှတဲ့ဒီဇင်ဘာ၉ရက်မနက်ခင်းလေးတခုမှာမော်လမြိုင်မြို့အမေရိကန်ဆေးရုံရဲ့ကလေးမွေးခန်းတခုကနေလောလောလတ်လတ်မွေးပြီးအမေ့ဗိုက်ထဲကထွက်ထွက်ခြင်းရေမချိုးရသေးတဲ့ကလေးမလေးတယောက်ရဲ့နာမည်က လိပ်ပြာ ဒီလိုကလေးမလေးကို မရွံမရှာအရင်နမ်းတဲ့သူဟာ အမေဖြစ်မယ်ထင်သလား လိပ်ပြာအတွက်တော့လိပ်ပြာကိုမရွံမရှာနမ်းခဲ့တဲ့သူဟာ လိပ်ပြာရဲ့ဖေဖေပါ လိပ်ပြာရဲ့အနမ်းဦးအချစ်ဦးဟာဖေဖေပါ လိပ်ပြာဖေဖေဆိုလို့သိပ်တော်တယ်တတ်တဲ့လူလို့မထင်ပါနဲ့လေ ဖေဖေက ဘုန်းကြီးကျောင်းသားအတန်းပညာမတက်ပါဘူးဗျာ ဒါပေမဲ့သမီးတယောက်ရလာတော့ မိသားစုနဲ့ခွဲတပြည်ရပ်ခြားမှာကျွန်ခံပြီးသမီးဘဝလှစေခဲ့တယ် ဖေဖေ့ဘဝနဲ့ရင်းပြီးပေါ့ ဒီလိုနဲ့သမီးတယောက်ဆော့ကစားတတ်တဲ့အချိန်မှာအဖော်ဖြစ်မပေးနိုင်ရုံမက ကြင်သူသက်ထားမေမေ ကင်ဆာရောဂါနဲ့သေမင်းနဲ့စစ်ခင်းချိန်မှာလဲ ဖေဖေအဖော်မဖြစ်ပေးနိုင်ခဲ့ဘူး သမီးတယောက်ဘဝဆူးခင်းလမ်းကင်းဖို့အတွက်မေမေကအသက်နဲ့ရင်းပေးခဲ့တယ်ဖေဖေကနှလုံးသားနဲ့ရင်းပေးခဲ့ပါတယ် မေမေသေဆုံးချိန်မှာဖေဖေ့အသက်၂၉နှစ်ဒုတိယအရွယ်ဝင်ဖို့အစတောင်မပျိုးသေးပါဘူး ဇနီးမယားရဲ့အသုဘတောင်မြင်ခွင့်မရခဲ့တဲ့ဖေဖေ ၇နှစ်သမီးအရွယ်လိပ်ပြာကိုပိုက်ပြီး မုဆိုးဖိုဘဝကိုပူပူနွေးနွေးစဖြတ်သန်းတယ် သမီးမျက်နှာတရွာထင်ပြီးပေါ့ ဖေဖေ့ရဲ့ကြိုးစားမှုကြောင့်တပြည်ရပ်ခြာူးမှာကျောင်းတက်နိုင်တဲ့အထိလိပ်ပြာဘဝလူရာဝင်ခဲ့တယ် အေဘီစီဒီတောင်မတက်တဲ့အဖေဟာ အင်္ဂလိပ်တရုတ်နဲ့မလေးစကားကိုသမီးအတွက်ထုံးလိုကျေရေလိုနှောက်ခဲ့တယ် တပြည်ခြားက လူမျိုးခြားတွေကိုအုပ်ချုပ်မြန်မာတယောက်ရဲ့ဂုဏ်ကိုမြှင့်ပေးခဲ့တာလဲသမီးအတွက်မြန်မာဆိုတာအခိုင်းခံမဟုတ်တာသိစေဖို့တဲ့ အချိန်သွေးချွေးနဲ့ဖေဖေ့နှလုံးသားရင်းပြီးပြုစုပျိုးထောင်ထားတဲ့လိပ်ပြာဆိုတဲ့ပန်းပွင့်လှသွေးကြွယ်လာတော့ လူမျိုးစုံကာလာစုံတဲ့ကိုကိုတွေဝိုင်းလာပြီပေါ့ ကိုယ့်ပြည်ကိုယ့်ရွာမဟုတ်တော့ တချို့က ဖြူပြီးတချို့ကမဲတယ် ဘာသာစကားကွဲတယ်ကိုးကွယ်ရာလဲလွဲတယ်လေ သမီးတယောက်ရဲ့ဖေဖေ သောကဝေရပြီပေါ့ သမီးတကောင်နွားတထောင်တဲ့ ငါ့သမီးမဲမဲကြီးယူမလားလို့ဆိုတဲ့အတွေးနဲ့ဘဝအရေးတောင်ပျက်ရတော့မယ်တဲ့ 
ဒါနဲ့ဘဲချစ်သမီးကိုဆုံးမရှာတယ် 

သမီးငယ် နင်သာယောက်ျားယူမယ်ဆိုရင်လေ ဘာသာမတူလူမျိုးခြားတာမစဉ်းစားနဲ့
ဘာသာမတူတော့အယူမတူဘူး
အယူမတူတော့အသိမတူဘူး
အသိမတူတော့အမြင်မတူဘူး 
အမြင်မတူတော့ အကျင့်မတူဘူး
မတူတာတွေဒီလောက်များရင် 
နင့်အိမ်ထောင်ရေးနောင်ရေးခက်မယ်
ကိုယ့်ကိုယ်ကိုသာတကယ်ချစ်ရင်
ဘာသာခြားအတွက်အချစ်မဖြစ်စေနဲ့
ဘာသာသာတူလူမျိုးတူရင်
ခွက်စွဲတောင်းတဲ့သူတောင်းစားဖြစ်နေပါစေ
နင်ကချစ်တယ်သာပြောငါ့သမက်ဖြစ်စေရမယ်တဲ့

အသက်၁၅နှစ်စပြည့်ကတည်းက ဖေဖေရိုက်သွင်းပေးခဲ့တဲ့အိမ်ထောင်ရေးအသိတခု ပါ လောကဒါဏ်ကိုကြံ့ကြံ့ခံ လိပ်ပြာဘဝကိုပံ့ပိုး ကိုယ်ကျိုးဆိုတာကိုဖေဖေလုံးလုံးမေ့နေခဲ့တယ် သမီးတယောက်High schoolအောင်ပြီး တက္ကသိုလ်ဝင်ခွင့်ရတော့ဖေဖေပျော်လိုက်တာ အမြဲတမ်းဂုဏ်ယူပြီးပြောတဲ့စကားဘုန်းကြီးကျောင်းသားအဖေက NUS ကဘွဲ့ရသမီးကိုပျိုးထောင်နိုင်တယ်တဲ့ ဒါ ဖေဖေတော်လို့တဲ့ တဘွဲ့ရရုံနဲ့မကျေနပ် Bussiness Management ပါတက်သင့်တယ်တဲ့ စင်္ကာပူလို အာရှကျားဆိုတဲ့နေရာမှာ စီးပွားတခုကိုထူထောင် နင်မငတ်အောင်ငါထားနိုင်တယ် ပညာသာသင်စမ်းပါတဲ့ သမီးကလေးကအရွယ်ရောက်တော့အတောင်ပေါက်ချင်တယ်ဖေဖေ့ရင်ခွင်ကိုခြေစုံကန် ချစ်သူရင်ကိုခိုဝင်ချင်ခဲ့တယ်ဖေဖေ ဒါပေမဲ့ အချစ်အတုတွေကိုသာ ထုတ်ရောင်းတဲ့ရောင်းကုန်အတုထုတ်ရောင်းသူနဲ့တွေ့တော့နှလုံးသားဇာတ်သိမ်းမလှဘူးပေါ့ အချစ်ကြောင့်ရုပ်ကျိုးပျက်လာတဲ့သမီးကို ဆီးကြိုတော့လဲ အပြုံးမပျက်ခဲ့ဘူး တယောက်မကောင်းတယောက်ပြောင်းယောက်ျားပေါပါတယ် သမီးရယ် သမီးနဲ့တန်တဲ့ယောက်ျားမမွေးသေးလို့နေမှာတဲ့ နှလုံးသားမှာဒါဏ်ရာရ အတောင်ချိုးခံခဲ့ရတဲ့သမီးက မွေးရပ်မြေမှာအခြေချချင်တယ်ပြောတော့ အခြေခိုင်နေတဲ့စီးပွားရေးအတွက်သမီးကိုမခွဲချင်ဘဲခွဲပေးခဲ့တယ် 
တခွန်းထဲပေးတဲ့စကားလက်ဆောင် အတောင်ညောင်းရင်ပြန်လာပါ
ဖေဖေ့အိမ်က ကြိုလျက်ပါတဲ့

မိဘဆိုတာပေးဆပ်ခြင်းသာသားသမီးအတွက်ရှိမယ်ဆိုတာယုံကြည်တယ် လိပ်ပြာရဲ့ဖေဖေချစ်ခြင်းကိုလိပ်ပြာစာမဖွဲ့ပြတတ်ပါဘူး စာဖွဲ့လဲမှီနိုင်မယ်မထင်ပါဘူး ဒါပေမဲ့အခုထိသမီးကို သူငယ်ချင်းလိုတမျိုးဆရာလိုတဖုံအဖေလိုတသွယ် အမေ့နေရာက တဋ္ဌာနနဲ့နေရာစုံသုံးပြီးဖေဖေဆုံးမပေးခဲ့တယ် လမ်းပြပေးခဲ့တယ် ဖေဖေ့နှလုံးသားတခုနဲ့ရင်းပေးခဲ့တဲ့လိပ်ပြာဘဝ အခုဆိုရင်သိသူတိုင်း ချီးမွန်းကြတယ် ဒါပေမဲ့ဖေဖေကိုယ်တိုင်ပုံသွင်းထုဆစ်ထားတဲ့ပန်းပုရုပ်ကလေး လမ်းမှားမှာဖေဖေသိပ်စိုးတယ်ဆိုတာလိပ်ပြာအသိဆုံးပါ ဒါကြောင့်တခြမ်းပဲ့နေတဲ့ဘဝပိုင်ရှင်လိပ်ပြာရဲ့ဖန်ဆင်းရှင်ဟာ ဖေဖေပါ ဖေဖေ့အတွက်လို့သာတွေးပြီး တလှည့်ပြန်ကျေးဇူးဆပ်ခွင့်ရချင်တယ် ပိတုဂုဏော အနန္တောပါဖေဖေ


အဖေ
လိပ်ပြာဆိုတဲ့မိန်းကလေးဘဝလှအောင်သူ့ရဲ့လက်နဲ့ပန်းပုထုပေးခဲ့တယ
အဖေ
လိပ်ပြာဆိုတဲ့မိန်းကလေးဘဝ
လောကဓံကြောင့်လဲကျတိုင်း
ပြန်ထတတ်အောင်သူ့ရဲ့လက်ကို
ကမ်းလို့ကြိုပေးပြန်တယ်

အဖေ 
လိပ်ပြာဆိုတဲ့မိန်းကလေးဘဝ
အမှားတွေဖြစ်လာတိုင်း
အမှန်ပြင်ပေးဖို့အဆင်သင့်ရှိတယ်

အဖေ
လိပ်ပြာဆိုတဲ့မိန်းကလေးဘဝကို
ဘာသာတရားအဆုံးအမအောက်
နာခံတတ်အောင်ဆုံးအမကောင်းတွေ
ပေးတတ်သေးတယ်

အဖေ
လိပ်ပြာဆိုတဲ့မိန်းကလေးဘဝကို
မိဘထက်သာတဲ့သားသမီးဖြစ်အောင
်ကြိုးစားချင်စိတ်တွေနဲ့အားဖြည့်ပေးတတ်တယ်

လိပ်ပြာဘဝရဲ့ပဲ့ကိုင်ရှင်အဖေ
လိပ်ပြာဘဝရဲ့လမ်းပြကြယ်စင်အဖေ
ပညာမတတ်တဲ့ဘုန်းကြီးကျောင်းသားအဖေက
ပညာတတ်နိုင်ငံခြားမှာဘွဲ့ရအောင်
သမီးတယောက်ကိုပျိုးထောင်တတ်တဲ့အဖေ
ဘဝကိုသမီးအတွက်သာပေးဆပ်
ပြန်ရလိုခြင်းကင်းတဲ့အဖေ
အဖေ့မေတ္တာ
အဖေ့စေတနာတွေအတွက်
ဘဝကို မိဘစိတ်ချမ်းသာမှုနဲ့သာပေးဆပ်
သမီးအဖေ့အတွက်ဘဲထာဝရအသက်ဆက်မယ်
ကျေးဇူးဆပ်ခွင့်ရပါရစေအဖေ
လိပ်ပြာ(20.10.15)(17:09PM)

http://line.me/ti/p/%40zhu5742v

လိပ်ပြာပျိုတေးထပ်

လိပ်ပြာပျို တေးထပ်


ရွှေမြိုင်သူ လိပ်ပြာရဲ့
ကညာအလှ သက်လျာ
ထာမကျခက်ပါသည်
မက်စရာရှိဘဲ
မာနကမိုးလောက်ပါသည်
 ထိုးဖောက်မဲ့မီးခဲလိုဘဲ

 စိတ်ဓာတ်ကသံထက်မာသည်
မာန်တင်းဆို ကာပ
ဟန်တင်းလို့သာလ
အထာကျလှတာ
နတ်သျှင်နောင်ထုံးနှလုံးမူလို့
ကလောင်သုံးကြိုးစားလို့သာ

ရုပ်အဆင်းက မြင်ရသူကို
ချစ် ကြင်ဖွယ်အရွယ်တော်နှင့်
အလွယ်လမ်းတော့မလိုက်လိုပါ
ကြိုးစားလို့သာ
တေးထပ်ကိုရေးစပ်သီကာ
လိပ်ပြာပျိုကြိုးစားခဲ့တယ်လေး။ ။

လေးစားစွာဖြင့်
လိပ်ပြာ

ပြာကျမှပြန်ပါကိုရေးတဲ့မောင်ဖေငယ်တော့ ဒီတေးထပ်ကိုမြင်ရင်
ငိုလောက်ရောပေါ့ ဟိဟိ လက်ကမြင်းထားတာပါ

လွမ်းရပါသည် မြန်မာပြည်

လွမ်းရပါသည် မြန်မာပြည်


ချစ်တဲ့သူငယ်လေ…
သူငယ်ချင်းကောင်း၊ မြန်ပြည်ဖွားတို့ရေ…။

တညှိုးငယ်မှ ရော်ရော်
လိပ်ပြာလေးလွမ်းလို့မျှော်သည်
ဆန်ရေပေါတဲ့၊ မြန်ပြည်ကွဲ့။

တညှိုးငယ်မှ ခွေခွေ
အလွမ်းရှိန်နှင့်၊ စိတ်ပိန်နေသည်
ချစ်သူရှိတဲ့၊မြန်ပြည်ကွဲ့။

ရောက်လွယ်စေချင်
ရင်မှာတမ်းလို့၊ လွမ်းရပါသည်
ရွှေပြည်တော်သို့်၊ ဖော်မျှော်လို့။

နံနက်တိုင်လည်း၊ နံနက်စာစား
ကောက်ညှင်းပေါင်းများ၊ရမလားရှင့်။
ညနေတိုင်းလည်း၊ ညနေတစောင်း
ဆည်းဆာဆောင်းကို၊ မျှော်လို့လွမ်းခဲ့။
တပေါင်းငယ်မှ တခူ်း
သင်္ကြန်ကူးမို့၊ ပိတောက်ဖူးကို
မယ်မျှော်လွမ်းခဲ့
စိတ်မှန်းငယ်တဲ့လွမ်းရုံ၊ မြန်ပြည်ပုံမှာ
လွမ်းရုံသာလွမ်းရတဲ့၊ လိပ်ပြာငယ်လေး

အိုင်ချင်း
လိပ်ပြာ

ရှင်ငြိမ်းမယ် ငိုရမဲ့ လိပ်ပြာရဲ့ လွမ်းရပါသည် မြန်မာပြည်။
ဟိဟိ  

မော်ရွှေမြိုင်



မော်ရွှေမြိုင်တေးထပ်
********** 
တောင်ပတ်လည် ခွေဝိုင်းလို     
ရွှေမြိုင်မြို့နေရာ
မြတ်စိန္တေကျိုက်သလ္လန်မှာ
ဦးတိုက်လို့မျှော်ဖူး။
ဦးခန္တီဦးဇိနကို
ဖူးပြီးမှ ပြန်မယ်စိတ်ကူး။

သံလွင်ခေါ်မြစ်ရာဇာရယ်
သာယာအောင်ရည်စူး
ကွေ့ဝိုက်ကာစီးထွေမြူးပါလို့
လှိုင်းလေလူးလှတယ်။
ခေါင်းဆေးကျွန်းကျိုက်သုတ်မှာလ
အံသြဖွယ် လွန်စွာဆန်းတယ်။

လာရောက်ဖို့မယ်ဖိတ်ခေါ်ချင်
စိတ်ပျော်လျှင်အပြေးသာလှမ်းတော့
စက်စဲခေါ်ပင်လယ်ကမ်းမှာ၊
ယှဉ်နွှဲလို့တူ။

ရွှေမြိုင်ခေါ်ရာမညကိုလ
သာစွမို့လှမ်းခဲ့တော့လေး…။

လေးစားစွာဖြင့်
လိပ်ပြာ
လိပ်ပြာရဲ့မွေးရပ်မြေကိုဂုဏ်ပြုတဲ့တေးထပ်လေးပါ။