ဇာတ်သိမ်းခန်းမှာလဲ လွမ်းဆဲ
အလွမ်းတွေ ပန်းလိုကြွေ
တမ်းတနေ ရင်ကိုမွှေလို့
အတိတ်တွေ အရိပ်လိုလိုက်လို့
အချစ်ကို ရင်ထဲမှာထည့်
မပြည့်နိုင်တဲ့ဆန္ဒတွေအတွက်
လမ်းပျောက်လဲ ဆက်လျှောက်နေမိတယ်
နင်မပါဘဲပေါ့ ကိုထက်ရယ်.. ။
ကံကြမ္မာဆိုတာ
ဒဏ်ရာရသူကိုမှ မျက်နှာသာမပေး
သက်ညှာဖို့ ဆိုတာဝေး
ဖေးလည်း မဖေးမခဲ့ပါဘူး။
လောကဓံကို ကြံဖန်ခံရတာ
အတိတ်ဝဋ်ကြွေးမို့
အပစ်ပေးလို့ နင်ရှောင်ခွါ
သစ္စာတွေပြယ်လည်း
ချစ်တာတွေ သယ်ရင်း
တနေ့ပြီးတနေ့ မမေ့ရက်ဘဲ
အသက်ဆက်ခဲ့တယ်။
လရောင်ကို ငေးမော
ကြယ်စင်တောထဲမှာ
အတိတ်ကိုပြန်ရှာရင်း
အအိပ်ခက်လို့ အိပ်ပျက်ခဲ့တဲ့
ငါ့ရဲ့ညဥ့်နက်နက်တွေဟာ
အိပ်မက်မှ မဟုတ်ခဲ့တာ။
ဟိုးအတိတ်တုန်းကလေ…
နင်နဲ့အတူကြည်နူးဖူးတယ် …
တဘဝစာလို့ပျော်မွေ့ဖူးတယ် …
အတူတူနေဖို့ ရည်စူးခဲ့တယ်
သဘောချင်းထပ် …
မနောချင်းဟပ်ခဲ့ကြတယ် …
စကားတွေကြွယ် …
တရားတွေဖလှယ်ခဲ့ကြတယ် …။
ဒီလိုနဲ့ …
နှလုံးသားကို ထုဆစ်
သမုဒယ သံယောဇဉ်
တပင်ပြီး တပင် ပတ်ရစ်
ကမ္ဘာတည်သ၍ မပစ်ပယ်
ရှောင်ဖယ်လို့မပြေး
ဒီဘဝတော့တို့မဝေးကြတော့ဘူးလို့
တွေးရင်းကျေနပ်ခဲ့ဖူးတယ် ကိုထက်ရယ်။
တကယ်တမ်းက …
မျဉ်းပြိုင်လို ရှေ့ဆက်
ကျောချင်းကပ်လမ်းခွဲ
ပေါင်းစပ်မရတဲ့အသိတရားနဲ့
မာနတွေ သာဦးစားပေး
နှလုံးသားတွေ စတေးခဲ့ကြတယ်။
နားလည်ပါတယ်…
ရှောင်မရတဲ့ အပြစ်တွေ ပြုရင်း
နောင်တနဲ့ မညစ်ပေစေချင်တော့လို့ပါ
ဒါဟာ … အချစ် နေ၀င်သွားတာ မဟုတ်ပါဘူး …။
အခုဘ၀မှာ …
သမုဒယတဏှာကို ပယ်သတ်ဖို့
ဖြတ်ရခက်တဲ့ နွယ်လဲ မတွယ်ချင် …
နုတ်ရခက်တဲ့နွံလည်း မကျွံချင်တော့ပါ ဘူးကိုထက်…။
ဒါကြောင့် …
အမုန်းတရားမှန်သမျှ ဝေးကွာငြိမ်းစေဖို့
နှလုံးသားဆန္ဒကို ဘေးခွါတိမ်းလို့
ကိုယ့်ဇာတ် ကိုယ်သာ သိမ်းလိုက်ပါတယ်ဟာ။
.... .... .... .... .... ....
.... .... .... .... .... ....
.... .... .... .... .... ....
ကိုယ့်အလွမ်း ကိုယ်ရှာ
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး
ကိုယ့်မီးကိုယ် မွှေးခဲ့မိ ...
ချစ်ခဲ့မိသူ
ကိုယ်သာလျှင် အပြစ်ရှိပါစေတော့ကိုထက်ရယ်။
လိပ်ပြာ
(4.6.16)(6:00AM)