Friday, 3 June 2016

ဇာတ်သိမ်းခန်းမှာလဲလွမ်းဆဲ

ဇာတ်သိမ်းခန်းမှာလဲ လွမ်းဆဲ


အလွမ်းတွေ ပန်းလိုကြွေ
တမ်းတနေ ရင်ကိုမွှေလို့
အတိတ်တွေ အရိပ်လိုလိုက်လို့
အချစ်ကို ရင်ထဲမှာထည့်
မပြည့်နိုင်တဲ့ဆန္ဒတွေအတွက်
လမ်းပျောက်လဲ ဆက်လျှောက်နေမိတယ်
နင်မပါဘဲပေါ့ ကိုထက်ရယ်.. ။

ကံကြမ္မာဆိုတာ
ဒဏ်ရာရသူကိုမှ မျက်နှာသာမပေး
သက်ညှာဖို့ ဆိုတာဝေး
ဖေးလည်း မဖေးမခဲ့ပါဘူး။

လောကဓံကို ကြံဖန်ခံရတာ
အတိတ်ဝဋ်ကြွေးမို့
အပစ်ပေးလို့ နင်ရှောင်ခွါ
သစ္စာတွေပြယ်လည်း 
ချစ်တာတွေ သယ်ရင်း
တနေ့ပြီးတနေ့ မမေ့ရက်ဘဲ
အသက်ဆက်ခဲ့တယ်။    

လရောင်ကို ငေးမော
ကြယ်စင်တောထဲမှာ
အတိတ်ကိုပြန်ရှာရင်း
အအိပ်ခက်လို့ အိပ်ပျက်ခဲ့တဲ့
ငါ့ရဲ့ညဥ့်နက်နက်တွေဟာ
အိပ်မက်မှ မဟုတ်ခဲ့တာ။

ဟိုးအတိတ်တုန်းကလေ…
နင်နဲ့အတူကြည်နူးဖူးတယ် … 
တဘဝစာလို့ပျော်မွေ့ဖူးတယ် …
အတူတူနေဖို့ ရည်စူးခဲ့တယ်
သဘောချင်းထပ် …
 မနောချင်းဟပ်ခဲ့ကြတယ် …
စကားတွေကြွယ် … 
တရားတွေဖလှယ်ခဲ့ကြတယ် …။

ဒီလိုနဲ့ …
နှလုံးသားကို ထုဆစ်
သမုဒယ သံယောဇဉ်
တပင်ပြီး တပင် ပတ်ရစ်
ကမ္ဘာတည်သ၍ မပစ်ပယ်
ရှောင်ဖယ်လို့မပြေး
ဒီဘဝတော့တို့မဝေးကြတော့ဘူးလို့
တွေးရင်းကျေနပ်ခဲ့ဖူးတယ် ကိုထက်ရယ်။

တကယ်တမ်းက …
မျဉ်းပြိုင်လို ရှေ့ဆက်
ကျောချင်းကပ်လမ်းခွဲ
ပေါင်းစပ်မရတဲ့အသိတရားနဲ့
မာနတွေ သာဦးစားပေး
နှလုံးသားတွေ စတေးခဲ့ကြတယ်။

နားလည်ပါတယ်…
ရှောင်မရတဲ့ အပြစ်တွေ ပြုရင်း
နောင်တနဲ့ မညစ်ပေစေချင်တော့လို့ပါ
ဒါဟာ … အချစ် နေ၀င်သွားတာ မဟုတ်ပါဘူး …။

အခုဘ၀မှာ …
သမုဒယတဏှာကို ပယ်သတ်ဖို့
ဖြတ်ရခက်တဲ့ နွယ်လဲ မတွယ်ချင် …
နုတ်ရခက်တဲ့နွံလည်း မကျွံချင်တော့ပါ ဘူးကိုထက်…။

ဒါကြောင့် …
အမုန်းတရားမှန်သမျှ ဝေးကွာငြိမ်းစေဖို့
နှလုံးသားဆန္ဒကို ဘေးခွါတိမ်းလို့
ကိုယ့်ဇာတ် ကိုယ်သာ သိမ်းလိုက်ပါတယ်ဟာ။
.... .... .... .... .... ....
.... .... .... .... .... ....
.... .... .... .... .... ....
ကိုယ့်အလွမ်း ကိုယ်ရှာ
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး
ကိုယ့်မီးကိုယ် မွှေးခဲ့မိ ...
ချစ်ခဲ့မိသူ 
ကိုယ်သာလျှင် အပြစ်ရှိပါစေတော့ကိုထက်ရယ်။   

လိပ်ပြာ
(4.6.16)(6:00AM)

ချစ်သူသိစေ

ချစ်သူသိစေ …




တပြည်ကွာအဝေးမို့
အနေကြာသွေးအေးလို့
မကြင်နာတမင်စိမ်း
ရင်မှာတမင်တိမ်းနေမှန်းသိပေမဲ့
မချိတာကလွဲရင်
အပစ်မဆိုခဲ့ပါဘူးမောင်။ ။

အညတြ ဒီရင်ခွင်ကို
ခနတာလာခိုဝင်တော့
ငြိုငြင်ကာ မငြင်းပယ်ရက်ပြီမို့
ဗလာကျင်းတဲ့နှလုံးသားနဲ့
အမုန်းစကားအတင်းဆိုလည်း
ပြုံးကာသာမာန်ဟုန်တင်းပါလို့
ရင်နာရတာကလွဲရင် 
မငြိုငြင်ရက်ခဲ့ပါဘူးမောင်။ ။

သစ္စာတွေသွေဖယ်ကင်းလို့
ချစ်တာတွေဗလာကျင်းတာကြောင့်
ဒီရွှေရင် နာကျင်တတ်ပေမဲ့
ဇာတ်နာတယ် ဆိုရအောင်
အရပ်တကာလည် ငိုမပြချင်ဘူး
အားငယ်သူ့အသည်းဘဝင်မှာ
နားလည်မှု လိုချင်တာမို့
မှားတယ်လို့မောင်ဆိုချင်လည်း
ချစ်တာသာပိုင်ဆိုင်သူမို့
ဝမ်းနည်းရတာကလွဲရင်  
အပစ်မတင်ရက်ခဲ့ပါဘူးမောင်။ ။

မောင့်အလို လိုမကျလေသမို့
ဖြေသိမ့်စရာ ရှာမတွေ့ပြီဘဲ
စကားဆို ပျားလိုမချိုတဲ့ပြင်
အနားကိုလဲ မသွားလို မလာလိုတော့
လျော့ရဲရဲ မေတ္တာဓာတ်
ပေါ့နည်းနည်း သစ္စာပျက်ကာ
အချစ်မပါ အပြစ်ရှာရက်တဲ့အပြင်
နောက်ရင်ခွင်မောင်လျှောက်လှမ်းလိုတော့
ပစ်ခွာလို တမင်စိမ်းပြီပေါ့
မကြင်နာတကယ်တိမ်းရှောင်လို့
စိတ်မှာသာကြိတ်ခါ ဖြေမိလေငြား
အတိတ်ဟာ အဆိပ်ပမာ ပူလောင်ငြိလေပေါ့
သိက္ခာရှိယောင် သူဟန်ဆောင်တဲ့
ချစ်ဦးသူ အမောင်သိစေသား
ဆုတောင်းကာမေတ္တာပို့လိုက်ရဲ့
စိမ်းရက်သူအား။ ။

လိပ်ပြာ
(3.6.16)(11:46AM)

မလေးပျိုအတွက်နှင်းဆီဖြူ


မလေးပျိုအတွက်နှင်းဆီဖြူ
      $$$$$$$$

တောတန်းနံဘေး
လမ်းကလေး
ငှက်ကျေးတွန်သံသာလှတယ်

စမ်းချောင်းကလေး
စီးရေအေး
ကြည်အေးသာယာလွန်းလှတယ်

နှင်းဆီဖြူကွယ်
စမ်းဘေးမယ်
ရှုဖွယ်သူလေပေါက်နေတယ်

မာနဆူးများ
ကာရံထား
ခက်သားခြူလို့ခူးရန်ကွယ်

တပွင့်ထဲဝယ်
သူပွင့်တယ်
ခူးကွယ်မလေးပန်ဖို့ရယ်

ပန်ဆင်ဖို့ရာ
ခူးပေးမှာ
ချစ်တာသိဖို့သက်သေကွယ်

တောတန်းစမ်းချောင်း
သိစေကြောင်း
သွေပြောင်းသစ္စာမဖီကွယ်

ချစ်လှပါသည်
သစ္စာတည်
နှင်းဆီဖြူဖြူပန်ပေးမယ်

မလေးခင်ရယ်
အလှကြွယ်
ရှက်ဖွယ်ပြုံးလို့နေလေတယ်။ ။

    လေးစားစွာဖြင့်
       လိပ်ပြာ
 , (29.1.2016)
    (21:03PM)

အမောင်လက်လျော့နေပါတော့



@အမောင်လက်လျော့ နေပါတော့@
®®®®®®®®®®®®®®®®®®

မရည်ရွယ်ဘဲ
စော်ကဲမင်းဖြစ်သလား။

အချစ်မရှာသူကို
သဒ္ဒါမူပိုပိုနဲ့
ကိုလူပျို 
အချိုကျွေးလို့
ကလေးအထာနဲ့
ချစ်ပါသနားပါလို့
ဆိုစကားဆိုလိုဆို။

အပိုသနားဖို့မရှိသူပါ
သက်ထားကညာ
မာနထိပ်ခေါင်တင်မို့
ဟိုအမောင်ရိပ်ကြီးသာခိုပါတော။
လူ့ဘောင်ကိုအမောင်စွန့်သော်လည်း
ခင်မမှာဒီတဘဝစာတော့
ရည်ရွယ်ရာနိဗ္ဗာန်ဆုပန်မို့
အစိန္တေမြတ်ကိုသာမှန်း
တကိုယ်တည်းသာ
အပျိုကြီးဖြစ်ချင်တော့တယ်
အမောင်လက်လျော့နေပါတော့။ ။

လေးစားစွာဖြင့်
လိပ်ပြာ

စံပယ်ဖြူဖြူတောင်းဆုယူ



စံပယ်ဖြူဖြူ တောင်းဆုယူ
@@@@@@@@@@@@

စံပယ်ဖြူဖြူ
ရနံ့ကြူ
ပန်းဖြူဖြူဖွေးရနံ့အေး။

စံပယ်ဖွေးဖွေး
ရနံ့အေး
မိုးလေးအေးမှ ပွင့်ချိန်ရွေး။

စံပယ်ရနံ့
သင်းပျံ့ပျံ့
မွှေးနံ့အာကာတခွင်နှံ့။

စံပယ်စံပယ်
ထူးခြားတယ်
မောင်မယ်တူတူဆုပန်မယ်။

စံပယ်ဖြူဖြူ
သစ္စာတူ
ချစ်သူမောင်နဲ့ပေါင်းဖို့ရွယ်။

စံပယ်ဖြူဖြူ
ဘုရားလှူ
ချစ်သူမောင့်အတွက်ဆုတောင်းမယ်။

စိန္တေပါးမယ်
တောင်းဆုရွယ်
စံပယ်ဖြူဖြူလှူရင်းကွယ်။ ။

လေးစားစွာဖြင့်
လိပ်ပြာ(၂၃.၄.၂၀၁၆)(1:00AM)

ငါနှင့်ငါဧ။်



ငါနှင့်ငါ၏
@@@@@

ငါ့ရိပ်ငါခို
ငါ့ပင်ပျိုငါပျိုး
ငါ့တေးငါသီ
ငါ့မြင်းငါစိုင်း
ငါ့သမိုင်းငါရေး
ငါ့လှေငါထိုး
ငါ့ဘဝငါကျောင်း
ငါ့လမ်းငါဖောက်
ငါ့အတောင်င်ါချိုး
ငါ့ရိုးငါ့်ခွါ
ငါ့ခြေရာ ငါညှို့
ငါ့အမြီးငါနင်း
မလင်းတလင်း မနက်
မညက်တစ်ညက်တေးချင်း
နှင်းဖိနပ်နဲ့နွေခေါင်ခေါင်
မှောင်မိုက်တဲ့ အိပ်မက်မြစ်
လက်ပစ်ကူးမယ်ကြံမှ
ငါ့လက်တံက ပျောက်နေတယ် ..။

လိပ်ပြာ


အချစ်ဦး


အချစ်ဦး

မကြင်နာသူ
ရင်မှာဆူလို့
တိမ်းလို့ရှောင်ခွာ
သစ္စာမထား
ချစ်အားမညှာ
မစာနာလို့
မှိုင်းညှို့ငိုရလေပြီလား။

မစာနာသူ
ဗျာပါပူမီး
ရှုမငြီးသည့်
ချစ်သည့်သက်လျာ
မကြင်နာသမျှ
ရင်မျှရင်းလို့
လွမ်းလို့ကြွေရလေပြီလား။

မညှာတာသူ
ရင်မှာပူလို့
မှိုင်းညှို့ရွှေရင်
စိတ်တွင်မရွှင်
ဘဝင်မငြိ
စိတ်မချိလို့
တမ်းလို့ငိုရလေပြီလား။ ။

လိပ်ပြာ

သခင်သိပါစေ

သခင်သိပါစေ


သခင် စိမ်းရက်လေသလား
တိမ်းရှောင်ဖယ်သခင်ကစားတော့
ပုန်းရှောင်ကာ ကြိတ်ငိုမိတယ်
ကြွေမျက်ရည်များ။

သခင်မချစ်လေတော့
သစ္စာပြယ် ရင်မှာမချိပေမဲ့
ချစ်တာကိုသခင်သိစေဖို့
အားတင်းကာဟန်ဆောင်ပြုံးရတယ်
မုန်းရက်လေအား။ ။

သခင်မုန်းလေတော့
ချစ်တာကိုအပစ်မြင်
အသစ်ရှာကာ ပစ်ချင်
လစ်ဟာလာယုယမှုတွေနဲ့
အတုသာသာ မေတ္တာတရားတွေကြောင့်
သခင်ရယ် စိမ်းရက်လေအား။ ။

လေးစားစွာဖြင့်
လိပ်ပြာ{18.5.2016)(2:09AM)

Thursday, 2 June 2016

ခင်မမောင့်ဆီပြန်ချင်သည်။



ခင်မမောင့်ဆီပြန်ချင်သည်။
@@@@@@@@@@@@@

အလွမ်းစာစီ
ကဗျာသီလို့ 
ပန်းချီချယ်သ
မလွမ်းရခင်
ခင်မမောင့်ဆီပြန်ချင်သည်။

လွမ်းရပါသည်။
မြန်ပြည်ဆီသို့
ရည်ရွယ်မျှော်မှန်း
ရော်ရမ်းတမ်းတ
ခင်လွမ်းရလို့
ရတက်ပွေပြီး
ဗျာပါမီးပူ
ချစ်သူမောင့်ထံ
စိတ်သန်ရည်လို့
တီတီတာတာ
ဆိုလိုပါလည်း
စိတ်သာရှိသည်
ခင်မမောင့်ဆီပြန်ချင်သည်။

တပြည်ခြားမှာ
နီဝါအသား
ကွာခြားသူများ
ပေါငြားပေလည်း
သွေဖီစာရိတ္တ
အကျင့်ခြားလို့
ဖောက်ပြားသစ္စာ
မထားငါးလီ
ပဉ္စသီနှင့်
ထိုထိုပုရိ
လူ့အန္ဓကြား
မနေလိုပြီ
လွမ်းရပါသည်
မြန်ပြည်ဆီသို့
ခင်မမောင့်ဆီပြန်ချင်သည်။


       လေးစားစွာဖြင့်

          လိပ်ပြာ

       18.4.2016
        11.00.AM



သခင်စိမ်းရက်လေသလား



သခင်စိမ်းရက်လေသလား
@@@@@@@@@@

အလွမ်းတွေ လေမှာဝဲလို့
အပန်းမပြေ ဖြေရာမဲ့ပြီပေါ့
တွယ်ရာမဲ့ကြွေလွင့်ခဲ့ရွက်ငယ်လို
လွမ်းဗျာပါပို။

လွမ်းရွက်ကြွေ လေမှာဝဲရင်ဖြင့်
တမ်းရက်ရှည် ဝေဒနာဖွဲ့ပြီပေါ့
ဖြေရာမဲ့ငို။

ချစ်ရသူတကယ်မသိလေသလား
တွယ်ငြိသူ ဗျာပါပူမိပြီပေါ့
တမင်တကာရင်မှာစိမ်းရင်ဖြင့်
မကြင်နာသူ ရှောင်ကာတိမ်းပေမဲ့
မိန်းမသားဘ၀မို့ အလွမ်းကို
ပန်းလိုသာပွေ့ရပြီဘဲ။

သခင်သိစေတော့၊
ရင်မချိသူဗျာပါပွါးပေမဲ့
သက်လျာတပါး သည်းညှာမှာ၊
ဝှက်ကာထားတဲ့ ချစ်သည်းလွှာကို၊
သခင်မြင်ပါ ပြောချင်လှလည်း၊
မနောရယ်မရွှင်ပြီမို့
ဟန်ပြင်ကာ မာယာသုံးရတယ်
မိန်းမသားတို့အသည်း။ ။

လေးစားစွာဖြင့်
လိပ်ပြာ

မာယာမများနဲ့တော့လိပ်ပြာ




ငါ့နှလုံးသား ပန်းဝတ်ရည်ကို လှမ်းချူလို့အပြီးမှာ
နှုတ်မဆက်ဘဲ မင်းရုတ်တရက်
ထွက်သွားတော့မှာလားလိပ်ပြာ

ငါ့နှလုံးသားကိုကြွေပြုန်းအောင်
မင်းနင်းခြေပြီးမှ
မသိချင်ယောင်ဆောင်မင်းလှည့်ထွက်
ရက်စက်လိုက်တာလိပ်ပြာရယ်

လှပတဲ့မင်းရဲ့အတောင်ပံကိုဖြန့်
ငါ့ထက်သာတဲ့ပန်းတွေဆီ
 မင်းကူးဦးမှာပေါ့

ခနလာလည်တဲ့ဧည့်သည်မှန်းသိပေမဲ့ 
ဘဝသေသည်အထိ
ချစ်ခဲ့တာပါလိပ်ပြာ

သစ္စာမသိတဲ့မင်းကို
ချစ်ပါလို့တောင်းဆိုမိပေမဲ့
ငါ့ရဲ့နူးညံ့တဲ့နှလုံးသားကို မင်းမကစားသင့်ဘူးနော်လိပ်ပြာ

ငါ့နှလုံးသား က 
ခပ်ပါပါးပုတ်ရင်တောင်
လှုပ်တုတ်တုတ်ပါလိပ်ပြာရယ်

ခုတော့
ကျောက်ဖြစ်ရုပ်ကြွင်းမဟုတ်တဲ့
ငါ့နှလုံးသားသေရာပါမဲ့ဒါဏ်ရာတွေနဲ့
ဖြေသာမရအောင်ငိုကြွေးနေမိတယ်

ချစ်တယ်လိပ်ပြာရယ်
မင်းမာယာဘယ်လောက်များများ
မင်းမျက်နှာဘယ်လောက်များများ
ငါ့နှလုံးသားကတော့မင်းမှမင်းပါ

မင်းချစ်တာတွေမသိပေမဲ့
မင်းသစ္စာတွေမရှိပေမဲ့
ငါအသက်ရှူနေရခြင်းဟာ
မင်းပါလိပ်ပြာ

အလွမ်းတွေကိုမပွေ့ဖက်ပါရစေနဲ့တော့
ခပ်ခါးခါးဝီစကီကို
ခပ်ပြင်းပြင်းROCKသီချင်းတပုဒ်နဲ့
အမြည်းမလုပ်ပါရစေနဲ့တော့

တခြားရင်ခွင်မှာ
မင်းမပျော်ရွှင်ရရင်
ရင်ခွင်ဟောင်းမှာခြေချ
ခနတာဆိုလည်း
တဘဝစာလိုမင်းကိုဘဲရိုးမြေကျစေမယ်
မျက်နှာမများနဲ့တော့လိပ်ပြာ

ဒီရင်ခွင်ဟာမင်းအတွက်
အသက်ထက်ဆုံးဖြစ်စေမယ်
မာယာမများနဲ့တော့လိပ်ပြာရယ်

ငါ့နှလုံးသားငိုသံ
တချက်နားဆင်ပေးပါလိပ်ပြာ
မင်းဟာငါ့အသက်မို့ပါ

လိပ်ပြာ(21.12.2015)(15:00PM)်

ပန်းစကား

ပန်းစကား

@@@@@

အလွမ်းမပြေ ပန်းဝေသည့်ပုပ္ပါး
ရာသီခါ ချိန်သင့်ပြီမို့
တောင်တွေမှာ ဝေနေကြပြီပေါ့
မွှေးတဲ့ပန်းစကား။ ။

မညှိုးသာ အစဉ်မနွမ်းစေဖို့
လန်းစေလို မိုးရေဖျန်းလို့ရယ်
ပွင့်ပြန်ခဲ့ချိန်ခါ 
ရွှေဝါရောင်စကားပန်းတွေက
လေလာရာ တောင်နှံ့မွှေးစေပေါ့
တမ်းတခဲ့သူပါ။

နတ်တောင်တော် ရွှေပုပ္ပါးမှာဖြင့်
သည်ချိန်ခါ တောင်လုံးမွှေးတော့မယ်
ပန်းစကားရာသီ။

ဗျတ္တခေါ်သည်အမောင်ကိုဖြင့်
မှန်းရည်ရွယ်မယ်ဝဏ္ဏရင်ထဲ
ပွင့်လာတယ် အသည်းပန်း..
မောင် မနမ်းရင်ဖြင့်
ရင့်နွမ်းကာ အဆင်ပျက်မှာမို့
မနက်နေ လေနုဦးရယ်နှင့်
အခက်ဝေ ကြွေလုဖူးကို
အမောင်ရေ..  
ခူးလို့  ဆင်မြန်း..။


 လိပ်ပြာ

(2. 6. 16)
(7:00AM)