Wednesday, 28 September 2011

အတိတ်ရဲ့ခြေရာတွေပြန်လိုက်ကောက်နေတဲ့ ကောင်မလေး...


Image Upload



အတိတ်ရဲ့ခြေရာတွေပြန်လိုက်ကောက်နေတဲ့ ကောင်မလေး


“မောင့်ကို မောင့်မေမေက စေ့စပ်ပေးတော့မယ်တဲ့ ငယ်…”


တိုင်ပင်တာလား အသိပေးတာလားမောင် ဘာမှမသက်ဆိုင်ကြတော့ဘူးဆိုတဲ့ အသိရှိနေပေမဲ့ ငယ့်နှလုံးသားက ပစ်စလက်ခတ်ကို နာကျင်သွားပါတယ်မောင်.. ရင်ခုန်သံတွေမူမမှန်နိုင်တော့လောက်အောင် ငယ့်နှလုံးသားထဲမှာ သွေးစိမ်းရှင်ရှင်ကျနေမိပြီမောင်… ဒါပေမဲ့ ငယ်ငယ်ဘဲ.. ဒီဒါဏ်ရာကို မာနနဲ့ကောင်းကောင်းဖုံး ဟန်ဆောင်နိုင်ပါသေးတယ်….


“ဟုတ်လား မောင် မောင့်ဘက်ကရော” “မောင့်မေမေ သိပ်နေမကောင်းဘူးငယ် မေမေဘယ်လိုဆက်စီစဉ်မလဲတော့ မောင် သေချာမသိသေးဘူး သေချာတော့မောင့်ကိုဘာမှမပြောသေးဘူး သေချာတဲ့အခါကျရင် အားလုံးကို ငယ့်ဆီမောင် စာပို့ထားလိုက်မယ်နော်” “ရပါတယ်မောင် ငယ်နဲ့မောင်က ထာဝရသူငယ်ချင်းတွေဘဲ တစိမ်းတွေပတ်သတ်လာလို့လဲ ငယ်နဲ့မောင်က အရင်းနှီးဆုံးသူငယ်ချင်းဘ၀က ပြောင်းသွားမှာမှ မဟုတ်တာဘဲမောင်” “ ခုမောင်တာဝန်နဲ့မန္တလေးကိုခနလာရင်း ငယ့်ကိုလာတွေ့တာ..မောင်အောက်တော့မယ်နော်”


ဘာကို အတည်ယူလို့ရမှာလဲ မောင်.. ငယ်ကမောင်နဲ့ဘာမှမသက်ဆိုင်တော့တာ ငယ်က မောင်မဟုတ်တဲ့ တစိမ်းတယောက်ရင်ခွင်မှာနေသားကျနေခဲ့တာ သက္ကရာဇ်တွေဘယ်လောက်တောင်ပြောင်းခဲ့ပြီလဲ မောင်မသိခဲ့တာမှ မဟုတ်တာဘဲ မောင်..ဒါပေမဲ့ အချစ်ဦးမောင့်ကို ရာသီတွေဘယ်လောက်ပြောင်းပြောင်းတရက်မှမမေ့ခဲ့ဖူး ပါဘူးမောင်..မဖြစ်သင့်တော့လို့ မေ့ပစ်လိုက်ကြရတော့မှာ ဆိုပေမဲ့ ထားခဲ့ဖူးတဲ့သံယောဇဉ်တွေ အရင်လိုခိုင်နေဆဲဆိုတာကိုတော့ မောင်သိစေချင်ပါရဲ့မောင်ရယ်…….အဲဒါတွေဘာလို့ခံစားနေရတာလဲ ဆိုတော့ ဘယ်သူမပြုမိမိမှုပါဘဲ.. မာနတွေကိုယ်စီထား သံသယတွေပွားခဲ့ကြတာ..နောက်ဆုံး သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်ရဲ့ရင်ဘတ်ထဲမှာ ဒါဏ်ရာကိုယ်စီနဲ့ လေ.. ကိုယ်တိုင်ရွေးချယ်ထားတဲ့လမ်းကိုလျှောက်ရင်း တခါမှနောင်တမရပါဘူးလို့ ပြောရင် ငယ်ကိုယ့်ကိုယ်ကိုညာနေတာပါ။ ဒီလိုနောင်တတွေနဲ့ ငယ်ဘယ်အချိန်ထိ ခရီးဆက်ရမှာလဲ။ ငယ်မသိပါဘူး။ ငယ်အသက်ရှင်နေသမျှတော့ ငယ် ရှေ့ဆက်လျှောက်နေတဲ့ လမ်းတွေ က မှုန်ဝါးနေဦးမှာပါဘဲ ။ ဘာလို့လဲဆိုတော့ ငယ် ပြန်မရနိုင်တော့တဲ့ အတိတ်ထဲမှာဘဲ ရှင်သန်နေမိလို့ပေါ့….



မောင်နဲ့ပထမဦးဆုံးစတွေ့တဲ့နေ့….


သာယာလှပတဲ့ ကောင်းကင်ပြာပြာမှာ တိမ်ပန်းချီတွေ ဟိုဒီလျှောက်သွားရင်း နွေးထွေးလှတဲ့ နေရောင်ခြည်ခပ်နွေနွေးတွေ ဖြန့်ကျက်ထားတဲ့ နွေအ၀င်ဆောင်းအကူး ဖေဖော်ဝါရီရဲ့ သိပ်လှတဲ့ နေ့လေးတနေ့မှာပေါ့…ငယ်ဒီနေ့အိမ်ကစောစောစီးစီးဘဲထွက်လာမိတယ် ဒီနေ့ ရူပဗေဒလက်တွေ့လုပ်စရာရှိတယ်လေ… လက်တွေ့ခန်းတွေရှိတဲ့ ဗညားဒလအဆောင် ထဲကို အချိုး


“အင့်” “ဟာဆောရီး”


တိုက်မိတဲ့ အရှိန်ဘယ်လောက်ပျင်းလဲ ငယ်မသိခဲ့ပါဘူး..ငယ် လဲကျသွားတဲ့ အထိပါဘဲ။ ရှက်သွားတဲ့စိတ်နဲ့ သူ့တောင်းပန်သံလဲငယ်မကြားတော့ပါဘူး… စာအုပ်တွေကမန်းကတန်းကောက်ပြီး ငယ်ထွက်ပြေးခဲ့မိတယ်။ ဒီလိုနဲ့လက်တွေ့ခန်းထဲရောက်ပြီးလက်တွေ့လုပ်ပြီးသွားတာတောင် ငယ်ကြောင်တောင်တောင်နဲ့ ရှက်နေမိတုန်းပါဘဲ..လက်တွေ့ခန်း ထဲကအထွက်မှာ


မြတ်နိုးငယ် မြတ်နိုးငယ်…


ငယ့်နာမည်ခေါ်သံကြားလို့လှည့်ကြည့်မိတော့ ငယ့် ငယ်သူငယ်ချင်း သက်တင်


ဟယ်..ငသက် မင်းဘယ်တုန်းကပြန်ရောက်တာလဲ ငါ လား အခု ကျောင်းတွေခနပိတ်လို့ပြန်လာတာ..လာကင်တင်းသွားရအောင် မင်း လက်တွေ့ခန်းထဲမ၀င်ခင်ကတည်းက ငါလာစောင့်နေတာ.. ငါ Toilet၀င်နေတုန်း မင်း လက်တွေ့ခန်းထဲဝင်သွားလို့ငါ ခေါ်လို့မရခဲ့တာ


အော်.. မင်း အိမ်မှ မလာတာ ငသက်ရ… လာတော့လာချင်တာပေါ့..ဧည့်သည်ပါလာတယ်ဟ ငါ့gardianအကိုကြီးလေ….. မင်းနဲ့မိတ်ဆက်ပေးရဦးမယ်…


သက်တင်နဲ့ငယ်က ငယ်သူငယ်ချင်းတွေလေ..ငယ်က မော်လမြိုင်တက္ကသိုလ်မှာ သင်္ချာမေဂျာတက်ဖြစ်နေပေမဲ့ သက်တင်ကတော့ ပြင်ဦးလွင်မှာ DSAတက်ဖြစ်ခဲ့သည်…


မဆုံဖြစ်တာကြာပြီဖြစ်သော ငယ်နဲ့ သက်တင် စကားတွေပြောစရာအများကြီးရှိနေခဲ့သည်။


ကင်တင်းရောက်သည်နှင့် မိတ်ဆက်ပေးရဦးမယ်ငယ်…သူကငါ့ရဲ့အကိုကြီး ကိုမြင့်မိုရ်ဟိန်းတဲ့ အကို သူက မြတ်နိုးငယ်တဲ့ ဟုတ်တွေ့ရတာဝမ်းသာပါတယ်နော်..ကိုယ်လဲတွေ့ရတာဝမ်းသာပါတယ် ခုနကတိုက်မိတာသေချာမတောင်းပန်ရသေးဘူး တောင်းပန်ပါတယ်နော်…ဘယ်နားထိသွားသေးလဲမသိဘူး.. ဟုတ်မထိပါဘူး ရပါတယ် တိုက်မိတာအကိုနဲ့လား ငယ်လဲရှက်နေတာနဲ့ သေချာမကြည့်မိဘူး


ကိုမြင့်မိုရ်က စစ်ဗိုလ်ဆိုပေမဲ့ အရပ်က ၅ပေ၂လက်မလောက်သာရှိသည်….အသားဖြူဖြူနှင့် အရမ်းကို ကြည့်ကောင်းလွန်းတဲ့ယောက်ျားတယောက်ပါ..ချောတာတော့မဟုတ်ပါ..ယောက်ျားပီသတာဖြစ်လိမ့်မည်။


ထိုနေ့က စတင်ရင်းနှီးခဲ့တဲ့ ငယ်တို့နှစ်ယောက် ရှေးရှေးကရေစက်ထင်သည်…ကိုမြင့်မိုရ် က ငယ့်ထက်အသက်ကြီးပေမဲ့ ကလေးတယောက်လိုဖြူစင်လွန်းသည်။ ဆရာလုပ်ရတာကြိုက်တဲ့ ငယ် ကလဲ ဆရာလုပ်ရင်း သူ့အပေါ်အနိုင်ယူဆိုးနွဲ့လွန်းသည်…ငယ်အနိုင်ယူသမျှကို ပြုံးပြီးနားထောင်ရင်း ငယ့်အလိုကိုလိုက်လွန်းတဲ့သူ့အပေါ် ငယ်သံယောဇဉ်တွယ်မိခဲ့သည်။ တောင်ပေါ်တန်းဘုရား ကျိုက္ခမီ စက်စဲ နှစ်ယောက်အတူတွဲသွားရင်း ရင်းနှီးမှုပိုခဲ့တဲ့ငယ် တို့နှစ်ယောက်ဖွင့်မပြာဘဲ ရင်ထဲကခံစားချက်တွေကို နားလည်နိုင်ခဲ့ကြသည်။….


ဒီလိုနဲ့ ၁၀ရက်ဆိုတဲ့ အချိန်ကုန်လို့ ကျောင်းတွေပြန်ဖွင့်သည်နှင့် ကိုမြင့်မိုရ် ပြန်သွားခဲ့သည်။ ငယ့်အတွက်တော့ နှလုံးသားတခုဆွဲနှုတ်ခံလိုက်ရသလိုပါဘဲ…ကိုမြင့်မိုရ်ပြန်သွားပြီး နောက်၂ရက်ကြာတော့


"ငယ်ငယ်..ဖုန်းလာနေတယ်…"


"ဟလို….ငယ်…ကိုပါ"


"ဟုတ် အကို"


"ငယ်ရယ်..ကိုငယ့်ကိုအရမ်းလွမ်းတာဘဲ ဝေးနေရမှပိုလွမ်းတတ်လာတယ်"


"ရှင်…ဟုတ်..ငယ်လဲ သတိတော့ရပါတယ်…"


"ငယ်..ကိုယ့်ကို အခွင့်အရေးသမားလို့ဘဲထင်ထင်.. ကိုငယ့်ကိုအရမ်းချစ်မိနေပြီ… ငယ့်ဆီကအဖြေလဲသိချင်တယ်.."


"ဟို…ငယ်စဉ်းစားချင်သေးတယ် အကို…"


"စဉ်းစားစရာလိုလို့လဲငယ်..ငယ်နဲ့ ကိုယ်ရဲ့ရင်းနှီးမှုက ကိုယ့်ကိုချစ်တယ်ဆိုတဲ့အဖြေပေးဖို့ မလုံလောက်ဘူးလား."


"အဲလိုတော့ ဟုတ်ပါဘူး…"


"ဒါဆို ကိုယ့်ကို အခုအဖြေပေးတော့နော်…."


ဇွတ်တရွတ်နိုင်လှချည်လားရှင်ရယ်..နဂိုကတည်းကမခိုင်တဲ့နှလုံးသားက ရှင် ချစ်တယ်မပြောခင်ကတည်းက ရှင့်ကိုချစ်နေမိပြီလေ….



"ငယ်…ဖြေစရာမရှိလို့လားငယ်…တိတ်သွားတာ ဒါဆို ကိုယ်ငယ့်ကိုနှောက်ယှက်မိသွားသလို ဖြစ်သွာပြီပေါ့ ဆောရီးနော် ကိုယ်တောင်းပန်ပါတယ် ကိုယ်ဖုန်းချလိုက်တော့မယ်"


"ခန..မဟုတ်ပါဘူးနှောက်ယှက်သလိုမဖြစ်ပါဘူး..ငယ်အကို့ကိုချစ်ပါတယ်….."


"ဟာ…တကယ်လား..မောင်အရမ်းဝမ်းသာတာဘဲ…မောင့်ကိုမောင်လို့ပြောင်းခေါ်နော်..ငယ်…"


"ဟုတ်…"


"မောင်မင်းကိုအရမ်းချစ်တာဘဲ ငယ်လေးရယ်.."


"ငယ်လဲမောင့်ကိုချစ်ပါတယ်မောင်ရယ်…."


ဒီလိုနဲ့ ချစ်သူတွေဖြစ်ခဲ့ကြတဲ့ ငယ်တို့နှစ်ယောက် မိုးမမြင်လေမမြင် ပျော်ခဲ့ဖူးတယ်..ငယ်ပြောသမျှကို နားထောင်တတ်တဲ့ မောင် ကငယ့်ကိုအလိုလိုက်လွန်းသူ ပါ..ငယ်ပြောသမျှကိုတခွန်းမှမငြင်းခဲ့ဖူးသူပါ.. အရာအားလုံးငယ့်အတွက် သိပ်သာယာလှပလွန်းခဲ့တယ်..ဒါပေမဲ့ မုန်တိုင်းတခုမ၀င်ခင် လေပြေတခုမှန်း ငယ်တကယ်မသိခဲ့သူပါ…အဲဒီနေ့….



Image Upload


အတိတ်ရဲ့ခြေရာတွေပြန်လိုက်ကောက်နေတဲ့ ကောင်မလေး...(၂)



"မြတ်နိုးငယ်..မင်း ကိုမြင့်မိုရ်နဲ့ချစ်နေကြပြီဆို…"
"အင်း ငသက်..ဘာလို့လဲ…"

"ကိုမြင့်မိုရ်မှာ ချစ်သူရှိတယ်လို့ ငါထင်တယ်..သေချာတော့မသိဘူး မင်းမေးကြည့်ပါ…."


"သူငါ့ကိုဒီအကြောင်းမပြောဖူးဘူး..မရိုးသားဘူးဟာ…သူငါ့ကိုဖုန်းကွယ်ထားတာ…"



သက်တင်ပြောတဲ့စကားကို ကြားရချိန်မှာ ကိုယ့်အပေါ်ချိုးရက်လေခြင်းဆိုတဲ့ စိတ်က တဆစ်ဆစ်နဲ့ နာကျင်ခဲ့သည်။ လုပ်ရက်လိုက်တာ မောင်ရာ..ငယ်မောင့်ကိုဒီလောက်ချစ်တာတောင်… ငယ့်ကိုမောင်ဒီလိုလုပ်ရက်တယ်ဆိုတဲ့အသိပါဘဲ….ဘ၀မှာမာနကိုအလံဖြူလွှင့် ကိုးကွယ်တတ်တဲ့ငယ့်ကိုမှ လာပြီး စော်ကားတာကိုး…မြွေဟောက်ကိုခေါင်းပုတ်ပြီးပြီဘဲ…ခုမှဆောရီးလို့မရတော့ဘူး…ဒါကြောင့် သိသိချင်းဘဲဖုန်းဆက်ခဲ့သည်။



"မောင်.." "အင်း..ငယ်."

"ငယ်မောင့်ကိုမေးစရာရှိတယ်…" "မေးစေ…"


"နောက်မနေပါနဲ့ အတည်မေးမှာ…" "အင်းလေ…မေး.."


"မောင့်မှာ ချစ်သူရှိတယ်ဆို..ငယ့်ကိုမညာနဲ့နော်…"


"ချစ်သူ…ဘယ်သူပြောတာလဲ…သက်တင်ပြောတာလား…"


"အင်း..ဟုတ်တယ်…"


"အင်း..ငယ်..ရှိတယ်..ဒါပေမဲ့…"


"မလိုတော့ပါဘူး…မောင်..လုံလောက်သွားပြီ…"


"ငယ်မောင်ရှင်းပြမယ်..ငယ်..နားထောင်ပါဦး…"


"ဆောရီးဘဲမောင်..မလိုတော့ပါဘူး…ကျေးဇူးတင်ပါတယ်…ငယ့်ကိုအမှန်အတိုင်းဖြေပေးလို့ပါ…"


"ငယ်..ငယ်…"



မောင်ငယ့်ကို အကြိမ်ကြိမ်ဖုန်းဆက်ခဲ့ပေမဲ့ ငယ်လုံးဝလက်မခံတော့ပါ…ငယ်အချစ်ကြီးချစ်ခဲ့ပြီး..အမုန်းကြီးမုန်းခဲ့ပြီ..ဒီလိုငယ့်ကို မောင်လုပ်ခဲ့တဲ့လုပ်ရပ်အတွက် မောင့်ကို တနင့်နင့်နဲ့ ငယ်နာကျင်နေစေချင်ခဲ့သည်။ ဘယ်လိုလက်စားချေရမှန်းမသိခင် ငယ့်ဆီအခွင့်အရေးတခု ရစေခဲ့တာပါဘဲ…



"ငယ်ငယ်…ကြီးမေနေမကောင်းလို့တဲ့..အဲဒါငယ်နဲ့ တီလေး ပြင်ဦးလွင်လိုက်သွားရမယ်.."

"ငယ်မလိုက်လို့မရဘူးလား…"


"ငယ်…ဘာဖြစ်နေတာလဲ…မောင်မြင့်မိုရ်နဲ့တခုခုဖြစ်နေလို့လား..တီလေးကိုလဲဘာမှမပြောပါလား"


"ကိုမြင့်မိုရ်နဲ့ငယ်က သူငယ်ချင်းတွေပါ..ရိုးရိုးသားသားခင်တာပါတီလေး…"


"ဒီရက်ပိုင်းငယ်မူမမှန်ဘူးနော်…မောင်မြင့်မိုရ်ဖုန်းဆက်တာလဲမကိုင်ဘူး..သက်တင်ဆီကဖုန်းလဲမကိုင်ဘူး..ခု..ကြီးမေ..က တော်တော်နေမကောင်းဖြစ်နေတာ..ငယ်လိုက်ခဲ့ရမယ်.."



ငြင်းလို့ဘယ်လိုမှမရတော့တဲ့အဆုံး…ငယ်ပြင်ဦးလွင်သို့လိုက်ခဲ့ရသည်။ ပြင်ဦးလွင်ရောက်ရောက်ချင်း

ခရီးပန်းတာကြောင့်ရော..စိတ်ပင်ပန်းတာကြောင့်ရော..လူမမာကြီးမေကိုငယ်မပြုစုရဘဲ ငယ်ဆေးရုံတင်ခဲ့ရသည်…တနေ့ ဆေးရုံသို့ ငယ့်အကိုဝမ်းကွဲကိုမောင်မောင်နဲ့ လူတယောက်ပါလာခဲ့သည်။



"ငယ်ငယ်..နင်သက်သာပြီလား…"
"ဟုတ်..ကိုလေး…"

"မင်းထက်..ဒါငါ့ညီမလေ..မြတ်နိုးငယ်တဲ့.."


"ငယ်ငယ်..သူက မင်းထက်တဲ့..ငါ့ငယ်သူငယ်ချင်း…"


"ဟုတ်…"


"မင်းထက်ကခု DSAတက်နေတာ..ဒီနေ့OUT PASSရလို့ ထွက်လာတာ…"



လာပြန်ပြီဗိုလ်တယောက်…ကြည့်မရပါဘူးဆို ဒီလူတွေဘဲလာပတ်သတ်နေကြသည်…

အကိုမိတ်ဆက်ပေးတာကို မကောင်းတတ်လို့ တဟုတ်ဟုတ်လုပ်နေပေမဲ့ DSAကဆိုတာနဲ့ ဟိုဘက်လှည့်နှုတ်ခမ်းစူသွားတဲ့ သူမလေးကိုကြည့်ရတာ..မင်းထက်တကယ်အသည်းယားသည်။ လူနာလို့သာပြောသည်..ဂျစ်တစ်တစ်သူမပုံလေးကိုကြည့်ရတာ..တကယ်ကိုချစ်ဖို့ကောင်းသည်။ ဒီလိုနှင့်ပြန်သာပြန်လာရသည်။သူမလေးကို..ကိုယ်တော်တော်စိတ်ဝင်စားခဲ့လေပြီ…


ဒီလိုနဲ့နောက်တပတ်..OUT PASSရသည်နှင့် မောင်မောင့်အိမ်ရောက်အောင်ပြေးခဲ့ရသည်။


ဟော..တွေ့ပါပြီ..ဆေးရုံကဘယ်နေ့ကဆင်းလာလဲမသိပါ..ခွေးနှင့်ဆော့နေသည့် သူမလေးကို ပထမဦးဆုံးမြင်မိခြင်းဘဲ…ကလေးဆန်လွန်းသည့်သူမလေးကို ကြည့်ရတာ အရမ်းကိုကြည်နူးဖို့ကောင်းလွန်းလှသည်။



"မင်းထက် ဘယ်တုန်းကရောက်တာလဲ…" "အေး..ခုဘဲ.."



သူမလေးကိုငေးနေတာဘယ်လောက်ကြာလဲ မသိခဲ့ပါ…မောင်မောင်ရောက်လာတော့မှ သတိဝင်လာမိသည်။


"မင်းထက် မင်းငါ့ညီမကိုကြိုက်နေတာလား…" "ဟာ..မင်းကလဲ…"
"မင်းအကြောင်းငါအသိဆုံးဘဲ..ဘယ်မိန်းမကိုစိတ်ဝင်စားဖူးလို့လဲ..ခုနငါ့ညီမကိုငေးနေလိုက်တာ ငါခေါ်နေတာတောင်မသိဘူး.."

"ပြောတော့ ကွာ..ငါ..မင်းကိုပြောရမှာ အရမ်းတော့အားနာတယ်…ငါ နိုးနိုးကိုချစ်နေမိပြီ…ငါကျောင်းပြီးတာနဲ့လူကြီးစုံရာနဲ့တောင်းရမ်းလက်ထပ်ယူမယ်ဟာ..ငါ့ကိုခွင့်ပြုပေးစေချင်တယ်…"


"အာ..မင်းနဲ့ငါက ပြောစရာလူတွေလား..သိပြီးသားလူတွေဘဲ..နိုးနိုးဟုတ်လား..ငါတို့တောင်ငါ့ညီမကို ငယ်ငယ်ဘဲခေါ်တာ..မင်းခေါ်မှပြောင်းခေါ်ရမဲ့ပုံပေါက်နေပြီ…"


"အာ..မင်းကလဲ.."


"ရှက်မနေနဲ့..ငါသဘောတူတယ်..ငယ်ငယ့်သဘောထားကိုမေးကြည့်ဦး…"



ယောက်ဖလောင်းက သဘောတူပြီ ဆိုမှတော့ ချစ်သူလေးရယ် မင်းကို ကိုယ်ပိုင်ဆိုင်ရမယ်ဆိုတာ..သေချာသွားပြီပေါ့…

နိုးနိုးရယ်…ချစ်လိုက်တာကွာ…….


ဒီလိုနဲ့ အရိုးဆိုထားသလိုဘဲ နေသာလေလာတဲ့ တနေ့မှာ ချစ်သူလေးကိုဖွင့်ပြောဖြစ်ခဲ့သည်။


"နိုးနိုး.." "ရှင် ကိုထက်"
"ကိုယ်မင်းကိုချစ်လို့…"

"ရှင်…"


ရှက်သွားတဲ့ချစ်သူမျက်နှာလေးနီရဲသွားခဲ့သည်. သူမလေးရှက်နေတာ ကိုသနားပေမဲ့ သူမလေးဆီက ချစ်ခွင့်ရမှဖြစ်မည်.


"နိုးနိုး..ကိုယ့်ကိုဘယ်လိုအဖြေပြန်ပေးမယ်လို့စဉ်းစားထားသလဲ…"
"ကိုထက်..ငယ့်အကြောင်းကိုသိထားဖို့လိုလို့ ငယ့်အကြောင်းအရင်ပြောပြမယ်နော် ငယ့်မှာ ချစ်သူရှိခဲ့ဖူးတယ်..ကိုမြင့်မိုရ်လို့ခေါ်တယ်..ခုတော့ ငယ်နဲ့သူဘာမှမဆိုင်တော့ဘူး..သူ့မှာ ချစ်သူရှိတယ်ဆိုတာ သိပြီးနောက်ကတည်းက ငယ်သူနဲ့အဆက်အသွယ်မလုပ်တော့တာ… ဒီတော့ ကိုထက်ထင်သလို ငယ်အရမ်းရိုးသားသူတော့ မဟုတ်ပါဘူး ကိုထက်..သေချာစဉ်းစာပါနော်…"



စကားတွေပြောပြီး ၀မ်းနည်းစိတ်ကိုမြိုသိပ်ထားတဲ့ သူမကိုမြင်ရတော့ ကိုယ့်ရင်တွေမချိလိုက်တာ… ဒီလောက်ဖြူစင်လွန်းတဲ့ကိုယ့်ချစ်သူကို နာကျင်စေတဲ့သူကိုလဲ ခွင့်မလွှတ်ချင်ဘူး..


"နိုးနိုး..ကိုယ်ပြောတာသေချာနားထောင်နော်…ဒီနေ့ကစလို့ နိုးနိုးရဲ့အနားမှာကိုယ်ရှိတယ် နိုးနိုးရဲ့အတိတ် အရာအားလုံးကို မေ့လိုက်..ကိုယ်ပြောတာမှတ်ထားနော်..ကိုယ်နိုးနိုးကိုချစ်တယ်..နိုးနိုးကိုယ့်ကိုချစ်လားလို့ ကိုယ်မမေးတော့ဘူး..လောလောဆယ်နိုးနိုးချစ်သည်ဖြစ်စေ..မချစ်ဘူးဘဲဖြစ်ဖြစ် နိုးနိုးသိထားရမှာက အချိန်တန်ရင် နိုးနိုးကိုယ့်ကို လက်ထပ်ရမယ်…."
"ငယ်လေ…"

"မပြောနဲ့တော့ နိုးနိုး…ကိုယ်က ချစ်တဲ့အချစ်တွေက နိုးနိုးကိုလုံးဝအဆိပ်မသင့်စေရဘူး…"



ဒီလိုနဲ့ ကိုထက်နဲ့ ငယ် ချစ်သူတွေဖြစ်ခဲ့သည်။ ကိုထက်က စိတ်လောလွန်းသည် လို့ ပြောရမလား ချစ်သူဖြစ်ပြီးရက်ပိုင်းသာရှိသေးသည်။ လူကြီးစုံရာနှင့် ငယ့်ကိုလာမြန်းသည်။ ငယ်ကိုထက်ကိုမချစ်သေးပေမဲ့ လူကြီးတွေက ငယ့်အတွက်သင့်တော်သည် ဟုဆိုကာ စီစဉ်ပေးခဲ့သည်။

ငယ်တို့စေ့စပ်ပွဲပြီးသည့်နောက်တနေ့…ငယ်တို့အိမ်ကို သက်တင်နှင့် ကိုမြင့်မိုရ်ေ၇ာက်လာသည်။


"ငယ်ငယ်.."
"အင်း ငသက်..ထိုင်.."



ရိုင်းလို့လည်းမဖြစ်သည်မို့မမြင်ချင်သည့်သည်မျက်နှာအားလစ်လျူရှုထားလိုက်ရုံသာရှိသည်…


"နင်အချိန်ရမလားငယ်ငယ် ငါတို့အပြင်မှာစကားသွားပြောရအောင် တနေရာရာပေါ့..ငါရော..ကိုမြင့်မိုရ်ရော.. နင့်ကိုပြောစရာရှိနေတယ်..နင်ဘယ်လိုမှရှင်းပြမခံဘူးဆိုတာငါသိတယ်..ငါ့မျက်နှာကိုထောက်ပြီးနင်ငါနဲ့ခနလိုက်ခဲ့ပေးပါ….."



ငယ်မလိုက်ချင်သော်လဲ သက်တင်မျက်နှာထောက်ကာလိုက်ဖို့ပြင်ဆင်မိသည်…

သက်တင်ရယ်ငယ်ရယ်ကိုမြင့်မိုရ်ရယ် ၃ယောက်အပြင်ထွက်ကာနီးတွင် ကိုထက်ရောက်လာခဲ့သည်…


"ချစ်..ဘယ်သွားမလို့လဲ…"
"သက်တင်တို့နဲ့ အပြင်ခနသွားမလို့ မောင်.."

"မောင်ရောလိုက်ခဲ့မယ်…"


"ငသက် ငါ ကိုထက်ကို ခေါ်ခဲ့မယ်..မင်းတို့ပြောချင်တဲ့စကားကို ကိုထက်ရှေ့မှာရှင်းပြလို့ရပါတယ်.."


"အင်းပြီးရောလေ…"



ဒီလိုနဲ့ Sparrow မှာ လူရှင်းသည်မို့ ထိုင်ဖို့ ဆုံးဖြတ်လိုက်ကြသည်…

မျက်စိမျက်နှာပျက်နေသော ကိုမြင့်မိုရ်ကိုကြည့်ကာ ငယ်စိတ်တွေမှာ လုပ်ရက်တဲ့သူဆိုတဲ့ အသိတွေနဲ့ ပိုနာကျင်စေချင်ခဲ့တာဘဲရှိသည်…


"မိတ်ဆက်ပေးရဦးမယ်
ငသက်..ဒါငါစေ့စပ်ထားတဲ့ ခင်ပွန်းလောင်း…ကိုမင်းထက်တဲ့ မင်းတို့DSAကဘဲ..မောင် သူက သက်တင်တဲ့ ငယ့် ငယ်သူငယ်ချင်း…"

"တွေ့ရတာဝမ်းသာပါတယ်..ညီ…"


"တွေ့ရတာဝမ်းသာပါတယ် အကို အကို့ကို ကျွန်တော်သိပါတယ်.. တခုကျွန်တော် ကြိုတောင်းပန်ချင်တယ်အကို ငယ်ငယ့်ကို ခုပြောမဲ့ ကိစ္စမှာ.. အကိုတို့နှစ်ယောက်ချစ်ခြင်းကို ခွဲချင်လို့မဟုတ်ဘူး..ကျွန်တော့်အမှားတခုကိုဝန်ခံချင်တဲ့သဘောပါ.."


"ရတယ်ညီ…ညီတို့ကိစ္စညီတို့ရှင်းပါ..ကိုယ်နိုးနိုးကိုယုံပြီးသားပါ…"


"ငယ်ငယ်…ငါ့အမှားကြောင့်နင်နဲ့ကိုမြင့်မိုရ်ပြတ်သွားတာ ငါကြည့်ပြီးစိတ်မကောင်းဘူး.."


"နင့်အမှားမဟုတ်ဘူး..သူ..ငါ့အပေါ်ယုတ်မာခဲ့တာ.."


"မဟုတ်ဘူး..ငယ်လေး မောင်မယုတ်မာခဲ့ဘူး…မောင် ငယ့်ကိုတကယ်ချစ်ခဲ့တာ"


"ဘာလဲ..ချစ်သူရှိလျှက်နဲ့လား…ရှင့်ရင်ဘတ်ဘယ်နှစ်ယောက်ဆန့်လဲကိုမြင့်မိုရ်..ကျွန်မနှလုံးသားက တယောက်စာဘဲနေရာရှိတယ်..ရှင်ကစားဖို့ တော့မဟုတ်ဘူး…"


"ငယ်ငယ်…ငါရှင်းပြတာနားထောင်ပါဦး..ပြီးမှဆက်ပြောနော်.."


"အင်းပြော.."



နားထောင်ရဖို့ စိတ်မပါသော်လဲ သက်တင်ကိုအားနာစိတ်ကြောင့် ဆက်မပြောဘဲရပ်ပေးလိုက်သည်…


"ကိုမြင့်မိုရ်မှာချစ်သူရှိတယ်ဆိုတာ ဟုတ်တယ်..ချစ်သူရှိခဲ့ဖူးတယ်ဆို ပိုမှန်မယ်..သူ့ကောင်မလေးက သူ့ကိုထားပြီး နောက်တယောက်ကို ကြိုက်သွားလို့ စိတ်ညစ်ပြီး ငါနဲ့ မော်လမြိုင်ကို လိုက်လာတာ နင်နဲ့တွေ့တာဘဲ ဒါကို ငါကမသိဘူး..ငါသိတာက ကိုမြင့်မိုရ်နင့်ကိုအပျော်တွဲတာလားဆိုပြီး နင့်ကိုသတိပေးခဲ့တာ..နင်က ငါ့ရဲ့ငယ်သူငယ်ချင်းဆိုတော့ ငါနင့်ကို စိတ်မညစ်စေချင်တာပါ.."
"သူငါ့ကိုဒီအကြောင်းတွေကြိုပြောသင့်တာပေါ့..ဒါပေမဲ့ သူဘာမှမပြောခဲ့ဘူးလေ.."

"မောင်မင်းကိုရှင်းပြဖို့ အချိန်မရှိခဲ့ ဘူး ငယ်လေး..ငယ့်ကိုမောင်ပြောပြရင် ငယ်လက်မခံမှာလဲ မောင်စိုးတယ်.. အတိတ်ဆိုတာတွေက ပြီးသွားပြီဘဲ မလိုအပ်ဘူးလို့မောင်တွေးခဲ့တာလဲပါမယ်…ဒါကြောင့်ပါငယ်…"


"ဘာလဲ..ခုမှ..လွတ်တဲ့ငါးကြီးသွားလို့လာပြန်တောင်းပန်နေတာလား ကိုမြင့်မိုရ်..လောလောဆယ်.. ကျွန်မစေ့စပ်ပြီးသွားပြီ..နောက်ထပ်ရွေးချယ်စရာမလိုတော့ဘူး.."


အမုန်းတွေနဲ့မို့ ငယ်သူ့ကို အကောင်းမမြင်ပေးနိုင်ခဲ့ပါ…


"မဟုတ်ဘူးငယ်…ငယ်မမှားသင့်တာ မမှားရအောင် မောင်ရှင်းပြနေတာပါ..ငယ်စဉ်းစားကြည့်ပါကွာ.. မောင်နဲ့ငယ်က အပျော်တမ်းချစ်ခဲ့တာမဟုတ်ဘူး…"
"တော်လောက်ပြီ အကို…ကျွန်တော်ဘေးမှာရှိတာကိုလဲ အကို သတိရသင့်တယ်.. နိုးနိုးကို အကိုပြောချင်တာလဲ ပြောပြီးပြီဆိုတော့ ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါ…ပြီးတော့ အင်တိတ်အကြီးမို့ မလေးစားဘူးလားလို့ပြောချင်ပြောပါ အကို..နိုးနိုးက ကျွန်တော်နဲ့လက်ထပ်မဲ့မိန်းမမို့ အကိုသူနဲ့ ထပ်မပတ်သတ်ပါနဲ့တော့..ဒါမှမဟုတ်ရင် ကျွန်တော်အကို့ကိုခွင့်လွှတ်မှာမဟုတ်ဘူး…

ချစ်..လာပြန်ရအောင်…"


ကိုထက်လက်ဆွဲခေါ်လို့ပြန်ခဲ့ရသော်လည်း ကိုမြင့်မိုရ် မျက်နှာပျက်သွားတာကြည့်ရင်း ရင်ထဲမှာ သနားသလိုလို ကျေနပ်သလိုလို..


သေချာတာကတော့ ငယ့်နှလုံးသား အဲဒီနေရာမှာ တခါတည်းသေခဲ့တယ်ဆိုတာပါဘဲ…..



Image Sharing


အတိတ်ရဲ့ခြေရာတွေပြန်လိုက်ကောက်နေတဲ့ ကောင်မလေး...(ဇာတ်သိမ်း)


ဒီလိုနဲ့ ပြင်ဦးလွင်ကပြန်ခဲ့သည်…ကိုထက်ကတော့ ကျောင်းတက်ရင်းကျန်ခဲ့သည်..


မော်လမြိုင်ပြန်ရောက်ပြီး သိပ်မကြာခင်ဘဲ သက်တင် ငယ့်ဆီဖုန်းဆက်ခဲ့သည်..


"ငယ်ငယ်"


"ပြော ငသက်"


"နင်အရမ်းအသည်းမာတယ် ငယ်ငယ်..ကိုမြင့်မိုရ်ဒီမှာ အရက်သမားလုံးလုံးဖြစ်နေပြီ..နင်သိလား.. နင့်ကိုသူတကယ်ချစ်ခဲ့တာပါ ..နင်ခွင့်လွှတ်ပေးသင့်ပါတယ်"


"လိုတော့လို့လား ငသက်..ငါစေ့စပ်ပြီးပြီ..အချိန်တန်ရင်လက်ထပ်ရမဲ့ ငါ့အတွက်..သူကငါ့ရဲ့အိမ်ထောင်ဖက်ဖြစ်မလာနိုင်တော့ဘူး…"


"နင်စေ့စပ်တာ သိပ်အလောသုံးဆယ်နိုင်လွန်းတယ်ဟာ…"


"နင်ငါ့ကို အပစ်တင်တာလား ငသက်"


"ဟုတ်တယ်..ငါတို့ရှင်းပြတာကို နားထောင်ပေးသင့်တယ်..နင်အခုအမှားကြီးမှားနေပြီ…"


"မမှားဘူးငသက်..ငါ့ဘ၀မှာ ကိုထက်ကငါ့အတွက် အသင့်တော်ဆုံးယောက်ျားဘဲ.."


"မသင့်တော်ဘူးလို့ငါမပြောဘူး..ကိုမြင့်မိုရ်နင့်ကိုချစ်တာ နင်သူ့ကိုချစ်တဲ့အချစ်တွေ နင်ပြန်ထည့်မတွက်တော့ဘူးလား…"


"မတွက်ဘူး လုံးဝထည့်မတွက်ဘူး..ငါအဲလောက်ချစ်လို့ ငါဆေးရုံတင်လိုက်ရတဲ့အထိခံစားခဲ့ရတယ်.. သူ့ကိုလဲ ငါ့လိုဘဲခံစားစေရမယ်.."


"နင်ကလဲဟာ……."



နောက်ဆုံး သက်တင်သာလက်လျှော့သွားခဲ့ရသည်..အဲဒီအချိန်တုန်းက မာနတွေတင်းခံနေတော့ ငယ်အနိုင်ရသည် ဟုထင်ခဲ့သည်..သို့သော်..ငယ် သနားစရာအကောင်းဆုံး လူသားဆိုတာ သွေးပူနေတုန်းတော့ မတွေးမိခဲ့ပါ..ဒီလိုနဲ့ ကိုမြင့်မိုရ်နဲ့ မတွေ့ဖြစ်ခဲ့တာ ၁နှစ်ကျော်ကျော်၂နှစ်နီးခဲ့ပြီ..ကိုထက်တောင် ကျောင်းပြီးလို့ မိတ္ထီလာလေတပ်မှာတာဝန်ကျခဲ့သည်.. ကိုထက်က ကျောင်းပြီးပြီးချင်လက်ထပ်ချင်သော်လည်း ငယ်ကငယ်ကျောင်းမပြီးသေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ထပ်ပွဲကို နောက်ဆုတ်ဖြစ်ခဲ့သည်…


တနေ့ ငယ့် ကိုနောင်တအကြီးအကျယ် ရစေတဲ့တနေ့ကတော့………….



ဒီနေ့ THIRD YEAR FIRST SEMESTER စာမေးပွဲနောက်ဆုံးနေ့မို့ ငယ်တို့ သူငယ်ချင်း တသိုက် ပျော်ရွှင်စွာ ကျောင်မှထွက်လာကြသည်… အတိတ်ဆိုတာလဲ ငယ်မေ့ပစ်ခဲ့သည့်အချိန်ကကြာခဲ့ပြီ..


ကျောင်းမှထွက်ထွက်ချင်း..ရုတ်တရက်..ငယ့်တည့်တည့်ဝင်လာတဲ့ ဆိုင်ကယ်ကိုကြည့်ရင်း …..ဘာလုပ်ရမလဲမသိချိန်..ရုတ်တရက်တယောက်ယောက်ကတွန်းထုတ်လိုက်သလိုငယ်လွင့်သွားပြီး..သတိမေ့သွားသည်.. သတိရရချင်း ငယ်ကြည့်လိုက်တော့ ငယ်ဆေးရုပေါ်မှာ…သူငယ်ချင်းတွေက အနားမှာ..



"ငယ်ငယ်..နင်သတိရပြီလား…"


"အင်း..ဆိုင်ကယ်အတိုက်ခံလိုက်တာလား..ငါဘာဖြစ်သွားတာလဲ.."


"နင်အတိုက်မခံလိုက်ရဘူး..ကိုမြင့်မိုရ်ကနင့်ကိုတွန်းလိုက်တာ..သူကတော့"


"ဘယ်သူ…ကိုမြင့်မိုရ်..သူကဘယ်လိုရောက်လာတာလဲ…"


"ဟုတ်တယ်..ငယ်ငယ်..အကိုငါ့အိမ်ရောက်နေတာ..သူရုရှားသွားရတော့မယ်..ခုပြင်ဦးလွင်စာပေ၂မှာ..ကျောင်းတက်၇င်းခွင့်ရက်ရတာနဲ့ ငါတို့အိမ်လာလည်တာ..ဒီမနက်တော့ နင့်ကို တွေ့ချင်တယ်တဲ့ ငါက အိမ်ကိုသွားမယ်လို့ပြောတော့ မသွားချင်ဘူးတဲ့ နင်ကသူ့ကိုမုန်းနေသေးတယ်တဲ့ သူနင့်ကိုမြင်ရုံဆိုကျေနပ်ပြီတဲ့ သူရုရှားမသွားခင် နင့်ကိုကြည့်သွားချင်တယ်ဆိုပြီး ကျောင်းဘက်ထွက်သွားတာ ခုတော့ဟာ…."


"သူဘာဖြစ်သွားသေးလဲ…ငသက်…ငါ့ကိုပြောပါ…"


"နင်မေးဖို့သတိရသေးတယ်နော်…အကိုခုထိသတိမရသေးဘူး..ဟိုဘက်ခန်းမှာတင်ထားတယ်…"


"ငါ့ကိုလိုက်ပို့ပါ..ငသက် ငါမောင်နဲ့တွေ့ချင်တယ်…"



ရောက်ရောက်ချင်းပတ်တီးတွေနှင့်မောင့်ကိုမြင်တော့ ငယ့်မျက်ရေတွေဘယ်လိုမှထိန်းမရတော့ပါ.. မုန်းတယ်ဆိုတဲ့အမုန်းကလဲ ဘယ်ရောက်သွားသည်မသိတော့ပါ..ဆန္ဒတခုထဲရှိသည်..သည်အချိန် ဆေးရုံပေါ်လဲနေသူ ငယ်သာဖြစ်စေချင်ခဲ့ သည်…မောင့်လက်ကိုကိုင်ရင်း မောင့်မျက်နှာကိုကြည့်ရင်း ငယ်မှားပါတယ်မောင်ရယ်လို့ သာ အထပ်ထပ်ဝန်ခံနေမိတော့သည်…


ငယ်ရောက်ပြီး…နာရီဝက်လောက်နေတော့ မောင်သတိရလာခဲ့သည်..



"မောင်..သတိရလာပြီနော်…"


"ငယ်..ငယ်လေး…ငိုနေတယ်…မငိုပါနဲ့ ငယ်ရယ်…မောင်ဘာမှမဖြစ်ပါဘူး…"


ခုထိငယ့်ကိုဘဲစိတ်ပူတတ်တဲ့မောင့်ကိုကြည့်ကာသနားနေမိတော့သည်...


"ဆရာဝန်က လက်နဲ့ခေါင်းနဲ့ထိသွားတာ ဆိုတော့ စိတ်ပူတာပေါ့..တခုခုဖြစ်မှာစိုးလို့ပါမောင်.."


"ငယ်..မောင့်ကိုမမုန်းတော့ဘူးလား…"


"ခု ငယ်နားလည်ခဲ့ပါပြီမောင်ရယ်…မောင်ငယ့်ကိုဘယ်လောက်ချစ်လဲဆိုတာ မောင်သက်သေပြခဲ့ပြီဘဲ…"



ဝတ္ထုဇာတ်လမ်းထဲမှာဆိုရင်တော့ မင်းသားနဲ့ မင်းသမီးနားလည်မှုရပြီးညားကြလေသတည်းပေါ့.. ငယ်တို့လက်တွေ့မှာတော့..


မောင်..ဆေးရုံကဆင်းပြီး သိပ်မကြာခင်ဘဲပြင်ဦးလွင်ပြန်ရသည်..


မောင်မပြန်ခင်တနေ့..ငယ်နဲ့မောင်တွေ့ဖြစ်ကြသည်..



"ငယ်…စေ့စပ်ပွဲဖျက်လိုက်ပါလို့မောင်မတောင်းဆိုလိုဘူးငယ်..ဒါပေမဲ့မောင်ချစ်တာကိုတော့ယုံပေးပါငယ်…"


"ငယ်ယုံပါတယ်မောင်…ဒါပေမဲ့ ငယ့်ရဲ့မာနတွေ ခေါင်းမာမှုတွေက ငယ့်ကို အချစ်ဆုံးအချစ်ဦးနဲ့ ဝေးစေခဲ့ပြီမောင်..ငယ်ကိုထက်ကို မစွန့်လွှတ်နိုင်ဘူး…ကိုထက် က ငယ်အားငယ်နေတဲ့အချိန်မှာ အားဆေးဖြစ်ပေးခဲ့တာ..ငယ်လိုအပ်တဲ့အချိန်မှာ ငယ့်ဘေးနားနေပေးခဲ့တာ..သစ္စာလဲသိပ်ရှိတာမောင် ငယ်ဘယ်လိုမှခွဲသွားလို့မဖြစ်တာ မောင်နားလည်ပေးပါမောင်ရယ်…"


"အင်းပါငယ်…မောင်ကလဲငယ့်ကိသစ္စာမဲ့သူမဖြစ်စေချင်ဘူး..မောင်တို့တွေကံကြမ္မာကိုဘဲပုံအပ်လိုက်ကြရအောင်နော်…."



ဒီလိုနဲ့ မောင်လဲရုရှားထွက်သွားခဲ့သည်..ကျော်လဲကျောင်းပြီးခဲ့ပြီ..ကိုထက်လဲ ရုရှားသွားဖို့ စာပေ၂ ရောက်ခဲ့ပြီ…ငယ်နဲ့ကိုထက်ကတော့ ကိုထက်ရုရှားသွားရမယ်မို့ လက်ထပ်မဲ့ရက် နောက်ဆုတ်ခဲ့သလို ငယ်လဲ စင်္ကာပူမှာကျောင်းဆက်တက်ဖို့ပြင်ဖြစ်ခဲ့သည်….ကိုထက်ရုရှား သွားခါနီး ၃လအလိုမှာ ငယ်စင်္ကာပူထွက်ဖြစ်ခဲ့သည်…ဒီလိုနဲ့ အွန်လိုင်းကျေးဇူးကြောင့် ငယ်နဲ့မောင်အဆက်အသွယ်တွေရဖြစ်ခဲ့သည်…. သို့သော်..ငယ်နဲ့မောင်.. သာမန်သူငယ်ချင်းတွေလိုဘဲရိုးသားခဲ့ကြသည်.. အခ်ါအဝေါ်တွေတော့ ပြောင်းဖို့မေ့ခဲ့ကြသည်…ကိုထက်သိပြီး ငယ်နဲ့ပြဿနာတက်ရတာအကြိမ်ကြိမ်ပေမဲ့ နောက်ဆုံး ငယ့်ရဲ့ခေါင်းမာမှုကိုတော့ ကိုထက်ခွင့်လွှတ်ပေးခဲ့သည်...အရမ်းနားလည်ပေးလွန်းပြီး သိတတ်လွန်းတဲ့ကိုထက်ကိုလဲ ဘယ်တော့မှ မနာကျင်ဈေင်ဘူးလေ..



ဒီလိုဘဲ နွေမိုးဆောင်းလေးကြိမ်ပြောင်းလို့နှစ်တွေတောင်ဟောင်းလို့ နောက်ဆုံးမောင် စေ့စပ်တော့မယ်ဆိုတဲ့စကားကြားရချိန်မှာတော့ ငယ်… လမ်းစတွေပျောက်ခဲ့ရသည်… ငယ်လိုချင်တာဘာလဲလို့ ကိုယ့်ကိုယ်ကိုတကယ်ပြန်မမေးရဲဘူး… ငယ်တို့တွေဇာတ်လမ်းမှာ တာဝန်အရှိဆုံးက ငယ်ဘဲလေ..မောင်ရယ်…ဘာတွေပြန်ပြင်ဆင်ခွင့်ရမှာလဲ.. ငယ်တို့တွေကိုးကွယ်လိုက်တဲ့ကံကြမ္မာက ဒီလိုပုံစံမျိုးဇာတ်သိမ်းဖို့လား…ခုတော့ ကိုယ့်ရင်ဘတ်တောင်ကိုယ်ငုံ့ကြည့်ဖို့မရဲတော့ဘူး.. ဒါဏ်ရာတွေဗရပွနဲ့ … ဘယ်သူ့ကို အပစ်ပြောလို့ရမှာလဲ တကယ်တော့ ငယ်ကိုယ်တိုင် ကိုးကွယ်တဲ့မာန..ငယ်ကိုတိုင် ရေးခဲ့တဲ့ဒီဇာတ်လမ်း ကိုယ်တိုင်ဖန်ဆင်းထားတဲ့ ဘ၀ ငယ် အမှားလို့ လက်ညှိုးမထိုးချင်တော့ဘူ… ငယ် တကိုယ်ကောင်းလဲမဆန်ချင်တော့ဘူး.. ငယ်နှလုံးသားကို ငယ်ကိုချစ်တဲ့ ငယ့်သက်ဆိုင်သူဆီမှာဘဲ ထာဝရနေရင်း… မောင်မသိတဲ့တနေရာကနေ မောင့်ကိုချစ်ခဲ့ဖူးတဲ့ အချစ်တွေ မောင်ကချစ်ခဲ့ဖူးတဲ့အချစ်တွေ ငယ်တို့ရဲ့ သံယောဇဉ်တွေ အားလုံးစတေးလို့ ငယ်တို့ ကိုယ်ပိုင်ဘ၀မှာ ထာဝရပျော်အောင်ကြိုးစားရတော့မှာပေါ့…ဒါဟာ…ငယ့်အတွက်တော့ နောက်ဆုံး အတိတ်ရဲ့ခြေရာတွေကို ပြန်ကောက်မိခဲ့တဲ့ သမိုင်းတပုဒ်ပါဘဲမောင်…..



အချစ်ဦးသို့………..


ဝေးဝေးကနေတိတ်တိတ်လေးလွမ်း


စိုးထိတ်စမ်းပါရစေရှင်


သေရာပါမဲ့ဝေဒနာပါ


ဖြေသာစရာဆေးမတောင်းသလို


ကြင်နာပါလို့လဲမပြောလိုတော့ဘူး


သက်ဆိုင်သူကိုယ်စီအတွက်


ကိုယ်တို့တွေငဲ့ကွက်


နှလုံးသားတွေပေးဆပ်လိုက်ရအောင်နော်


မဆုံနိုင်တဲ့ကံကြမ္မာအလိုကျ


ကိုယ်တို့တွေကခဲ့ရပေမဲ့


နှလုံးသားကိုအစိမ်းထုတ်


အပူရုပ်ဟန်လုပ်ပြုံးလို့


တိုက်ဆိုင်တိုင်းထုတ်ထုတ်လွမ်းနေမယ်


အချစ်ဦးလေး…နားလည်ပါ….


လိပ်ပြာ(၂၆.၉.၁၁)(မနက်၁နာရီ၃၀မိနစ်)


....စိတ်ကူးယဉ်သက်သက်ဖြင့်ရေးဖွဲ့သည်..

No comments:

Post a Comment