မာနသို့ကိုးကွယ်ခြင်း
လောကဒါဏ်ဆိုတဲ့ရထားတွေ
ငါ့ကိုသံလမ်းလိုအသုံးချပြီး
အစင်းစင်းဖြတ်မောင်းနေခဲ့တယ်
ချစ်တတ်ခြင်းကြောင့်
ရခဲ့တဲ့ဒါဏ်ရာတွေကလည်း
သွေးအလိမ်းလိမ်းနဲ့နှလုံးသားလေးထဲ
အထပ်ထပ်နာကျင်နေဆဲ
ဒုက္ခတွေကလည်း
ကိုယ်ရောစိတ်ရောကို
လှိုက်လှိုက်လှဲလှဲတိုက်ခိုက်ရင်း
တဖြည်းဖြည်းရင့်ကျက်လာဆဲ…
ဒါဏ်ရာများနဲ့မာကျောတတ်လာတဲ့
နှလုံးသားတခုမှာ
ခံနိုင်ရေနဲ့နောင်တတရားတို့ပေါင်းစပ်
အချိုးကျစီးမြောနေခဲ့ပေါ့
ငါကမမြင်နိုင်တဲ့ကံကြမ္မာဆီက
တခုခုတောင်းဆိုနေမဲ့
သူတယောက်တော့မဟုတ်ခဲ့ဘူး
မမှားခဲ့သောအရာများအတွက်
နောင်တများနဲ့လည်း
မထိုက်တန်ခဲ့ဘူး
အထင်အမြင်လွဲမှု၊စွန့်ပစ်မှု
ရက်စက်မှု၊ နာကျင်မှု
အဲဒိလိုတွေ့ကြုံနေကျ
အဖြစ်အပျက်တွေကို
ရယ်မောဖွယ်ကောင်းတဲ့ဟာသတခုလို
သဘောထားလိုက်တဲ့အခါ
မိန်းမတယောက်ရဲ့ဖြစ်တည်မှုဟာ
ဘာမှပြောင်းလဲမသွားဘူး..
နဂိုရှိမြဲအတိုင်းရှိနေဆဲ….
….လိပ်ပြာ
No comments:
Post a Comment