Friday 13 May 2011

ချစ်သူအတွက်...ရေးတဲ့စာ

ချစ်သူအတွက်...ရေးတဲ့စာ

သံစဉ်မညီပေမဲ့ အချစ်က အချစ်ပါဘဲမောင်….မောင့်ကိုဘယ်လောက်ထိ “ကျော်”
တွယ်တာခဲ့သလဲဆိုရင်…နှင်းစက်ဖြူဖြူလေးတွေနဲ့ ဥပမာ သာဓကဆောင်ချင်မိပါရဲ့မောင် နှင်းစက်ဖြူဖြူလေးတွေလို ဖြူစင်တယ်..မောင့်ဘ၀ကိုအေးချမ်းစေချင်တယ် “ကျော်” အနင်းခံဖြစ်ခဲ့ရမယ်ဆိုလဲ မောင့်အတွက် အဆိပ်မဖြစ်စေလိုခဲ့သူပါမောင်…..


“ကျော်” မြတ်နိုးတဲ့မောင်က အသားဖြူဖြူ မျက်ခုံးကောင်းကောင်း အရပ်ရှည်ရှည်နဲ့ လူရည်သန့်လေးတယောက်ပေါ့…အပြောဆိုးတဲ့မောင့်ကို ဘယ်သူတွေကဘဲအပစ်တင်တင် “ကျော်” အမြတ်တနိုးတန်ဖိုးထားဆဲဘဲ….စိတ်တိုတတ်တဲ့မောင့်စိတ်ကို တခြားတခြားသူတွေနားမလည်ပေးနိုင်ပေမဲ့ “ကျော်” နားလည်ပေးနိုင်ဆဲဘဲမောင်….စတွေ့ပုံကလည်းကဗျာမဆန်သလို “ကျော်” တို့ဇာတ်လမ်းကလဲ Romance မဖြစ်ခဲ့ပါဘူးမောင်…ဘိလိယက်ထိုးရင်း ခင်မင်ရာကစခဲ့ကြတဲ့ အွန်လိုင်းဇာတ်လမ်းလေးတပုဒ်ပါဘဲ မောင်..စကားပြောတိုင်းအပေါ်စီးကနေပြောတတ်တဲ့ “ကျော့်” ကို မောင်ခွင့်လွှတ်နားလည်ပေးခဲ့တာလဲ အကြိမ်ကြိမ်…ယောက်ျားလေးတွေတရုန်းရုန်းနဲ့ ယောက်ျားဆန်တဲ့ “ကျော့်” အမူအကျင့်တွေကို မောင်နားလည်ပေးခဲ့တာလည်းအကြိမ်ကြိမ်မို့ “ကျော်”မောင့်ကို ပိုမြတ်နိုးရပါတယ်မောင်…အမှားလုပ်တိုင်းဆုံးမတတ်တဲ့ မောင့်ရဲ့ လူကြီးဆန်မှုတွေအတွက်လဲ “ကျော်” လေးစားတွယ်တာရပါတယ်မောင်.. အိပ်ပုတ်တဲ့ “ကျော့်” ကို မနက်မိုးလင်းတိုင်း “၀က်ပုတ်လေးရေ ထတော့” လို့ ချစ်စနိုးမောင်နှိုးတတ်သလို “ကျော်”ကလဲ မောင့်အသံကြားမှ အိပ်ရာထတတ်ခဲ့တာ… ညညဆို ပုံပြင်ပြောပြဆိုပြီး ချွဲနွဲ့တတ်တဲ့ “ကျော့်” ကို စိတ်ရှည်စွာဘဲ သီချင်ဆိုပြီးတမျိုး ပုံပြောပြပြီးတသွယ် ကျောပွတ်သိပ်မယ် အိပ်နော် ဆိုပြီးတဖုံနဲ့ “ကျော့်”အတွက် အိပ်ရာဝင် ဇာတ်လမ်းတွေမရိုးအောင် မောင်ဖန်တီးတတ်လို့လဲ “ကျော်” စွဲလန်းခဲ့ရပါတယ်မောင်…..


မောင်က “ကျော့်”အတွက် ကိုးကွယ်အားထားရာ တခုလဲဖြစ်ခဲ့ပါတယ်မောင်… အရေးကြီးကိစ္စကြုံတိုင်း မောင့်ဆုံးဖြတ်ချက် အတိုင်း “ကျော်” လုပ်ဆောင်ခဲ့သလို မောင့်အမိန့်အောက်မှာဘဲ မောင်စေရာ “ကျော်” သွားတတ်တဲ့ သူတယောက်လဲဖြစ်ပါသေးတယ်… “ကျော်” က မောင့်အတွက် မောင်ဖန်ဆင်းထားတဲ့ ရုပ်သေးတရုပ်ဆိုလဲ မမှားပါဘူးမောင်… မောင်စားဆိုစား မောင်သွားဆိုသွား မောင်လာဆိုလာ နဲ့ မောင့်သဘောကျဘဲ “ကျော်”နေတတ်ခဲ့တာ “ကျော်”နဲ့မောင်စတွေ့တဲ့ ဟိုး လွန်ခဲ့တဲ့ ၃နှစ်ကျော် လေးနှစ်ကာလလောက်ကတည်းကပါမောင်……. ထမ်းဆောင်နေရတဲ့ တာဝန် ၀တ္တရားကြောင့်ဘဲလား အိမ်မှာသားကြီးမို့ဘဲလား “ကျော်”မဝေခွဲတတ်ပါဘူး မောင် ကအမိန့်ပေးရတာဝါသနာများ ပါခဲ့လေသလား …အိမ်မှာသမီးကြီးပေမဲ့ တဦးတည်းသောသမီးမို့ အဖေ အလိုလိုက်လို့ နွဲ့ဆိုးဆိုးနေတဲ့ “ကျော်” က မောင့်ရဲ့တဦးတည်းသောတပ်သားပါမောင်…

မောင်စိတ်တိုအော်ငေါက်တိုင်း မိန်းကလေးတို့သဘာဝ “ကျော်”မျက်ရေကျတိုင်း မိန်းမတွေမျက်ရေကိုအမုန်းဆုံး ဆိုတဲ့ နင့်နင့်သည်းသည်း စကားမျိုး မောင်ဆိုတတ်ပါသေးတယ် ကဗျာရေးတိုင်းလဲ အပိုအလုပ်တွေတဲ့ ဆိုပြီး မင်းကဗျာဆက်ရေးရင်ငါ့ကိုဖြတ်လို့လည်း “ကျော့်”၀ါသနာကိုမောင်အထင်သေးရှုံ့ချတတ်ပါသေးတယ်…မောင့်စကားနားမထောင်တိုင်း မင်းလိုမိန်းမငါမုန်းတယ် ဆိုတဲ့ စကားကိုလဲ မောင်ရေလဲသုံးတတ်ပါသေးတယ်မောင်..တခုခုခိုင်းလို့ အချိုးမကျတိုင်း ဒါလေးတောင်မမလုပ်တတ်ဘူးလား မင်းမလုပ်နိုင်တာငါမခိုင်းပါဘူး ဆိုတဲ့စကား မောင့်လက်ကိုင်စကားပါမောင် မောင့်ကို အတ္တကြီးတယ်လို့စွပ်စွဲတိုင်းလဲ ငါ့အတ္တကမင်းဘဲလို့ မင်းကောင်းဖို့ငါပြောတာ အတ္တကြီးတယ်ဆိုလဲ မင်းသဘောလို့ ရက်ရက်စက်စက်မောင် ဥပေက္ခာပြုတတ်ပါသေးတယ်….

“ကျော်”စိတ်ဓာတ်ကျတိုင်း ကံဆိုတာလူလုပ်တာကွ ငါတို့ကံကြမ္မာငါတို့လက်ထဲမှာလို့ မောင်အားပေးခဲ့ဖူးတယ်မောင်….ကတိမတည်မှုတွေတခါတရံ ဖြစ်ပွားခဲ့ရင် လူဆိုတာကတိတည်ရတယ် ကိုယ်မလုပ်နိုင်တဲ့ကိစ္စကို ကတိမပေးရဘူး ဆိုတဲ့မောင့်လမ်းညွှန်စကားကြောင့်လဲ “ကျော်” အခုဆို ကတိတည်တဲ့ မိန်းကလေးတယောက် အဖြစ်လူရာဝင်နိုင်ခဲ့တယ်မောင် ကလေးဆန်တာကို အပစ်တင်ရှုံ့ချတတ်တဲ့ မောင့်ရဲ့အမူအကျင့်ကြောင့်လဲ လုပ်ငန်းခွင်မှာ “ကျော်” လူကြီးလုပ်နိုင်ခဲ့ပါတယ်မောင် မောင်က “ကျော့်”အတွက် ၀တ်တာစားတာသောက်တာ နေတာထိုင်တာကအစ အသေးစိတ်ပြုပြင်ဆုံးမပေးခဲ့သူပါ “ကျော်”ကမောင့်ရဲ့ အရိပ်တခုလိုပါဘဲမောင်….မောင်မျက်နှာမညိုအောင် မောင့်အလိုကျမောင့်ဘေးမှာ ခေါင်းညိတ်ခေါင်းခါနဲ့ မောင့်စိတ်တိုင်းကျဘဲ “ကျော်”အသက်ဆက်ခဲ့ရသူပါ….

“ကျော်” သိပ်ချစ်ရတဲ့မောင်က “ကျော့်” ကိုဘယ်အပေါင်းအသင်းနဲ့မှ စကားပြောတာမကြိုက်သလို သူကလွဲရင် ဘယ်ယောက်ျားလေးနဲ့မှ အရောမ၀င်ရဆိုတဲ့အမိန့်ထုတ်ထားသူလဲဖြစ်နေပါသေးတယ်နော်.. မောင့်အတ္တတွေကို အရောင်တင်ရင်း မောင့်ဘေးမှာခေါင်းညှိတ်ခေါင်းခါကလွဲရင်မတတ်တဲ့ “ကျော့်”ကို အတယ် လို့များ လူတကာအပစ်တင်ကြမယ်ထင်ပါရဲ့နော်… “ကျော့်”ရဲ့ လက်ကိုင်စကားက အလို့ချစ်တာမဟုတ်ဘူး ချစ်လို့ အ ပေးထားတယ်ဆိုတာ မောင်သိသင့်တယ်နော်လို့ “ကျော်”ပြောတိုင်း အပိုတွေတဲ့….မောင်က “ကျော့်”ရဲ့ ချစ်ခြင်းမေတ္တာကိုလစ်လျူရှု ဥပေက္ခာတွေလဲ ချချကျွေးတတ်ပါသေးတယ်မောင်…. “ကျော့်”မှာသာ မောင်ပေးတဲ့ဥပေက္ခာတွေစားသုံးရင်း မောင်မသိအောင်တိတ်တိတ်ပုန်းငိုခဲ့ရတာ…..

ဒါပေမဲ့မောင်…မောင်ပေးသမျှကို အကောင်း အဆိုးမခွဲခြားဘဲ “ကျော့်” အတွက်လက်ဆောင်လို့ဘဲ ထင်မှတ်ခဲ့မိပါရဲ့မောင်…မောင့်ကြောင့်သာ “ကျော့်” ဘ၀ အဓိပ္ပါယ်ပြည့်ဝခဲ့တာ မောင့်ကြောင့်သာ “ကျော့်” အနာဂါတ်တွေမျှော်လင့်ချက်ပြည့်ခဲ့ရတာ မောင့်ကြောင့်သာ “ကျော့်” ရည်မှန်းချက်တွေအရာထင်ခဲ့တာ မောင်က “ကျော့်”အတွက်တော့ ဒုတိယဘုရားသခင်ပါဘဲမောင်

မောင့်ကို ချစ်တဲ့ “ကျော်”က ချစ်စကားတွေ တဖွဖွသီကျူးရင်း မောင့် အနားမှာ တီတီတာတာပြောနေမိပေမဲ့ “ကျော်” ချစ်တဲ့မောင်ကတော့ မင်းကောင်းရင်ငါမဆိုးဘူး မင်းချစ်နေသမျှငါချစ်နေမယ် ဆိုတဲ့ တလုံးကလွဲ ရင် အချစ်ဆိုတာသူနဲ့မဆိုင်သလိုပါဘဲလေ… မောင်က“ကျော့်”ရဲ့ အသက်ရှူနေရခြင်းအကြောင်းတရားတခုလဲဖြစ်နေပါသေးတယ်ဆိုတာကိုလဲ ယုံကြည်ပေးပါမောင်.. မောင်သာဘ၀ မောင်သာအသက်ဆိုတာကလဲ ပုံပြင်တပုဒ်မဟုတ်ရပါဘူးမောင်ရယ်…

စံချိန်မီတဲ့ “ကျော့်” ချစ်ခြင်းတွေကြောင့် မောင့်ရဲ့နေ့တွေ “ကျော်” နဲ့ အနေဝေးပေမဲ့ အလွမ်း ကင်းဝေးပါစေလို့သာ ဆုတောင်းမိပါရဲ့…မောင့်အပေါ်ထားတဲ့ “ကျော့်” မေတ္တာဖြင့် မောင့်ရဲ့နေ့ရက်တို့ သာယာ ချမ်းမြေ့ပါစေမောင်……..

အတိတ်ဆိုတာ အရိပ်မဟုတ်ရပါဘူးမောင်

လိုရင်ယူသုံး မလိုရင်လွှင့်ပစ်ရအောင်လဲ

ကျော် အသက်မဲ့ အရုပ်တရုပ်မဟုတ်ဘူးလေ…

မောင်ထားရာနေ မောင်စေရာသွားရင်း

ရင်းခဲ့တဲ့ ကျော့်မာနတွေအတွက်

မောင့်ဘက်ကပေးဆပ်ခြင်း

ဥပေက္ခာဖြစ်ခဲ့တောင်

ကျော် အပြုံးပျက်ခဲ့ဖူးသလားမောင်

မောင့်အတွက်လို့ရည်စူး

အနာဂါတ်အိပ်မက်တွေအတွက်ရူးခဲ့ရသူပါမောင်

နှလုံးသားတခုလုံးနဲ့ရင်းလို့

အသက်ပေးလို့သစ္စာဆိုရဲတယ်

ဒီဘ၀မှာ ဒီလူသားက

မောင့်တယောက်ကိုသာ

အချစ်ဆုံးပါမောင်…….

……………………..လိပ်ပြာ(6.4.11)(9း00PM)

2 comments:

  1. ရေးတဲ့ကောင်မလေးရဲ့ အချစ်အပေါ်ရူးသွပ်မှု့တစ်ခုကို မြင်လိုက်မိတယ်.... အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်. (အရာရာမှာပေါ့)...

    ReplyDelete
  2. ဖတ်လို့ကောင်းတဲ့ စွဲဆောင်မှုရှိတဲ့ ဝထ္ထုလေးပါပဲ..ကဗျာလေးကြောင့် ပိုလှပတယ်...
    ခံစားအားပေးလျှက်..

    ReplyDelete